အသွင်သဏ္ဌာန်ဆိုတာ အစိုင်အခဲလေ
အတွေးပညာမှာ ကိုင်တွယ်ခြင်းဆိုတာ မရှိ
သိကြောင်းဓမ္မဟာ သိခြင်းတရားရဲ့ မိတ်ဆွေ ....
အမှန်တရားဆိုတာ…ထိတွေ့လို့မရတဲ့
အကောင်အထည်တစ်ခု ကိုင်တွယ်လို့မရတဲ့ ဒြပ်ထည်တစ်ခု
“ ငါ ’’ လို့ သုံးစွဲလို့မရလောက်အောင်
“ သူ၊ ယောင်္ကျား၊ မိန်းမ ’’ စသည်နဲ့ သုံးစွဲလို့ မရလောက်အောင်
အမှန်တရားကပြေးလွှားနေတယ်။
ဖမ်းနှောင်ထောက်ပြလို့မရ
သက်ရှိတွေထဲက ဗဟိုဥာဏ်သမားတွေသာသိတဲ့
သက်မဲ့အမှန်တရား။
အာရုံငါးပါးနဲ့ ထိတွေ့လို့မရတဲ့ အာရုံငါးပါးထဲက
ပြေးလွှားမှုဖြစ်စဉ်ဟာ အမှန်တရားပေါ့ ။
တည်ငြိမ်နေတဲ့ အရာအားလုံးပြေးလွှားနေတယ်
ပြေးလွှားနေတဲ့ အရာအားလုံး မတည်ငြိမ်
မတည်ငြိမ်တာကို လိုက်သိနေမှပြေးလွှားမှုကိုသိမယ်....။
ပြေးလွှားနေတာကို ပြေးမကြည့်ပါနဲ့
ရောက်နေတဲ့နေရာက ဥာဏ်စိုက်ပြီးကြည့်ပါ…။
တည်ငြိမ်မှုကို ဆုပ်ကိုင်ထားပါ
တည်ငြိမ်လာရင်……
တည်ငြိမ်လာရင် ……
ဖမ်းကိုင်လို့မရတဲ့ ပြေးလွှားမှုဖြစ်စဉ်ကိုတွေ့မယ်
ပြေးလွှားမှုဖြစ်စဉ်ကပြေးလွှားနေမယ်
ဆဋ္ဌမအာရုံက တည်ငြိမ်နေမယ်
အဲဒီအချိန်မှာ……
အမှန်တရားက ပြုံး ရပ် ပျောက်သွားလိမ့်မယ်။
သေခြင်းတရားသည် ရှင်ခြင်းတရားရဲ့အစ
ရှင်သန်ခြင်းသည် သေခြင်းတရားရဲ့တံခါးဝ
အမည်နာမ တံခါးဝမှာ ထိုင်ပါ
အကောင်အထည် မရှိသူများ မမြင်နိုင်သူများ ၀င်သွား ထွက်လာရှိနေမည်
အကောင်အထည်မရှိခြင်း မုခ်ဝမှာ
ဒြပ်မဲ့အကောင်များကို ခွစီးလိုက်ပါသွားပါ။
လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို နားစွင့်ပါ
ဌာနမရှိတဲ့နေရာကို ဌာနလို့ သတ်မှတ်ပါ။
မတ်တတ်ရပ်သူလည်း ပြေးလွှားနေတယ်
ထိုင်နေသူလည်း ပြေးလွှားနေတယ်
မင်းလည်း ပြေးလွှားနေတယ်
ငါလည်း ပြေးလွှားနေတယ်
သက်ရှိ သက်မဲ့ အကုန်လုံး ပြေးလွှားနေတယ်
ပြေးလွှားနေတာကို သိရင် ရပ်တန့်သွားလိမ့်မယ်
ဘယ်နေရာမှာရပ်မှာလဲ မမေးပါနဲ့
ရပ်စရာမရှိတဲ့နေရာမှာ ရပ်တန့်သွားလိမ့်မယ်။
(ဒီကောင်းကင်)
No comments:
Post a Comment