မြန်မာစံတော်ချိန်

Tuesday, February 7, 2012

ဗုဒ္ဓခေတ် ဗြဟ္မဏနှင့် ခတ္တိတို့၏ လူမှုဆက်ဆံရေးနှင့် အိမ်ထောင်ရေးသုံးသပ်ချက်

ဗုဒ္ဓခေတ်တွင် အိန္ဒိယပြည်၌ အရောင်အဆင်းလေးပါးကို အကြောင်းပြုပြီး အမျိုးလေးပါးကွဲပြားခဲ့၏။ မဟာဗြဟ္မာ၏ ခံတွင်းမှ ဖွားမြင်သော ဗြဟ္မဏမျိုး၊ မဟာဗြဟ္မာ၏ လက်ရုံးမှ ဖွားမြင်သော ခတ္တိယမျိုး၊ မဟာဗြဟ္မာ၏ ခြေနှစ်ချောင်(ပေါင်)မှ ဖွားမြင်သော ဝေဿမျိုးနှင့် မဟာဗြဟ္မာ၏ ခြေဖ၀ါးနှစ်ဘက်မှ ဖွားမြင်သော သုဒ္ဒမျိုးတို့ဟူ၍ ဖြစ်ကြ၏။
ဗြဟ္မဏမျိုးသည် ဝေဒကျမ်းဂန်သင်ယူမှု၊ ယာဇ်ပူဇော်မှုတာဝန်များကို ဆောင်ရွက်ရသည်။ ခတ္တိယမျိုးသည် တိုင်ပြည်အုပ်ချုပ်မှု၊ စစ်တိုက်မှုတို့ကို တာဝန်ယူဆောင်ရွက်၏။ ဝေဿမျိုးသည် လယ်ယာကုန်ထုပ်လုပ်မှု၊ ကူးသန်း ရောင်ဝယ်မှု လုပ်ငန်းများကို တာဝန်ယူရ၏။ သုဒ္ဒမျိုးသည် လယ်သမား၊ ပန်းရံ၊ အမိုက်သွန် စသော နှိမ့်ကြသည့် လုပ်ငန်းများကို အခိုင်းအစေဘ၀ဖြင့် လုပ်ကိုင်ရသည်။ ဤသို့ အမျိုးလေးပါးတို့ တာဝန်ကိုယ်စီ ခွဲထားကြ၏။ ယင်းကဲ့သို့ ခွဲထားသပ်မှတ်ခြင်းကပင် ဗုဒ္ဓခေတ် အိန္ဒိယပြည်၌ လူတန်းစားကွာဟမှုကို ပို၍ကြီးထွားစေ၏။
ထိုတွင် ဗြဟ္မဏနှင့် ခတ္တိယတို့၏ အကြားဝယ် အားပြိုင်မှုများရှိနေသည်ကိုလည်း တွေ့ရသည်။ ဗြဟ္မဏ တို့သည် ပညာမာန်ကြီးသည်။ အခြားအမျိုးများမှာ သူတို့လောက် မတတ် မသိဟု ယူဆထား၏။ ခတ္တိယ အပါအ၀င် အခြားမျိုးနွယ်များအားလုံးရဲ့ လေးစားမှုကို ခံယူလိုသည်။ ထိုအချက်ကို အမ္ဗဋ္ဌ၏ ဗုဒ္ဓအပေါ် ဆက်ဆံပုံကို ကြည့်ကာ သိနိုင်သည်။ အမ္ဗဋ္ဌမည်သော ပုဏ္ဏားငယ်သည် ၎င်းအား နှုတ်မဆက် နေရာထိုင် ခင်းမပေခဲ့သော သာကီဝင်မင်းသားတို့ကို အကြောင်းပြုကာ သာကီမင်းမျိုးဖြစ်သော ဗုဒ္ဓဘုရားရှင်ကိုပင် မလေးစားသော ဣရိယာပုတ်ဖြင့် စကားအချေအတင် ငြင်းခုံပြောဆိုခဲ့၏။ သာကီဝင်မင်းမျိုးကို “ စဏ္ဍာ ဘော ဂေါတမ သကျဇာတိ ” စသောကြမ်းတမ်းသော စကားတို့ဖြင့် မြတ်ဗုဒ္ဗအား စွတ်စွဲကဲ့ရဲ့ခဲ့၏။ ဗြဟ္မဏတို့အား မရိုသေမှု ပူဇော်မှု မပြုခြင်းတို့ကို သင့်လျှော်သည့် အပြုအမှုမဟုတ်ကြောင်း စွတ်စွဲပြောဆိုခဲ့၏။ “အညဒတ္ထု ဗြဟ္မေဿဝ ပရိစာရကာ သမ္ပဇ္ဇန္တိ” ဟုတစ်ဘက်သတ်ယူဆကာ မောက်မောက်မာမာ ဆက်ဆံခဲ့၏။ ဘာမဟုတ်သည့် ကောသလတိုင်း၏ လက်အောက်ခံဖြစ်သော သာကိယတိုင်းက ၎င်းအား အရေးမထားခဲ့ခြင်အပေါ် မကျေမနပ်ဖြစ်ကာ အငြိုးထား ဆက်ဆံခဲ့၏။ သို့သော် ဗြဟ္မဏတို့သည် ပညာရှင်များကို လက်ခံတွေ့ဆုံလိုစိတ်ရှိသည်။ ထို့ကြောင့်သာ ပေါက္ခရသာတိ ပုဏ္ဏားကြီး ဘုရားရှင်အား ဖူးတွေ့လိုခြင်းဖြစ်ပေသည်။
ခတ္တိယနှင့် ဗြဟ္မဏတို့ အားပြိုင်နေကြသော်လည်း ခတ္တိယတို့သည် တိုင်းရေးပြည်ရေးများကို ဗြဟ္မဏတို့နှင့်တိုင်ပင်လေ့ရှိကြသည်ကိုလည်း တွေ့ရသည်။ အပြန်အလှန်မှီတင် နေကြခြင်းသဘောဖြစ်၏။ ထို့ကြောင့် ခတ္တိယတို့က ဗြဟ္မဏတို့အား မြို့ရွာများကို အပိုင်စားပေးထားခြင်းဖြစ်သည်။ ကောသလတိုင်း၏ ပြည့်ရှင်ဘုရင် ပသေနဒိကောသလမင်းသည်လည်း ပေါက္ခရသာတိ ပုဏ္ဏားကြီးနှင့် တိုင်ပင်လေ့ရှိ၏။ ၎င်းအားလည်း ဥက္ကဋ္ဌ မည်သောမြို့ကို အပိုင်းစားပေးထားလေသည်။ ထိုသို့ မြို့ကိုပေးကာ တိုင်ပြည်၏ကိစ္စများကို တိုင်ပင်လေ့ရှိသော်လည်း ကောသလဘုရင်သည် ပေါက္ခရသာတိပုဏ္ဏားကြီးအား ကန့်လန့်ကာချ၍သာ စကားပြောဆို လေ့ရှိသည်။ မျက်နှာချင်း ဆိုင်ခွင့် လုံးဝမပေးပေ။ ဤသည်မှာ ဗြဟ္မဏနှင့် ခတ္တိယတို့၏ လူတန်းစားကွာဟမှုဆိုင်ရာ လူမှုဆက်ဆံရေး ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေသည်။
ထို့ပြင် ခတ္တိယနှင့် ဗြဟ္မဏတို့၏ အိမ်ထောင်ရေးတွင်လည်း ကွဲပြားသည့် အခွင့်အရေးများ ရှိကြပါသည်။ ခတ္တိယအမျိုးသားနှင့် ဗြဟ္မဏအမျိုးသမီးတို့ ပေါင်းဆုံးခြင်းကြောင့်ရအပ်သည့်သားသည် ပုဏ္ဏားတို့၏ အလည်၌ နေရာဦး သောက်ရေဦးကို ရနိုင်ခြင်း၊ သေသူကို ရည်စူး၍ပြုသောထမင်း၊ မင်္ဂလာအစရှိသည်တို့အလို့ဌာ အိုးဖြင့်ချက်အပ်သောထမင်း၊ ယာဇ်ပူဇော်သော ထမင်း၊ ဧည့်သည်တို့၏ အလို့ဌာ ချက်အပ်သော ထမင်းဦးတို့ကို ကျွေးခွင့်ရခြင်း(စားခွင့်ရခြင်း)၊ ဗြဟ္မဏတို့က ဗေဒင်မန္တန်တို့ကို သင်ပြပေးကြခြင်း၊ ထို့ပြင် ခတ္တိယပုတ္တအား သမီးထိမ်းမြား ပေးခြင်းကိုလည်း ဗြဟ္မဏတို့ မတားမြစ်ခြင်း ဟူသော အခွင့်အရေးတို့ရပါသည်။ သို့သော် ခတ္တိယတို့သည် ထိုခတ္တိယပုတ္တအား မင်း၏အဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းခွင့်ကိုမူ အမိ၏ မင်းမျိုး မဟုတ် ခြင်းကြောင့် မရရှိနိုင်ပေ။
တစ်ဖန် ဗြဟ္မဏအမျိုးသားနှင့် ခတ္တိယအမျိုးသမီးတို့ ပေါင်းဆုံခြင်းကြောင့်ရအပ်သည့်သားသည် နေရာဦး၊ သောက်ရေဦးကို ရနိုင်ခြင်း-(ပေ)-အဖ၏မင်းမျိုးမဟုတ်သောကြောင့် မရရှိနိုင်ပါ။ ဤသို့ဖြင့် ခေတ္တိယနှင့် ဗြဟ္မဏတို့ မိန်းမချင်း ယောက်ျားချင်း နိုင်းယှဉ်မှုကိုပြုရာ၌ အိမ်ထောင်ရေးဆိုင်ရာ မတူညီသော အခွင့်အရေးများကို တွေ့ရလေသည်။
ပုဏ္ဏားတို့သည် ပုဏ္ဏားတစ်ယောက်ကို တစ်စုံတစ်ခုသော အပြစ်ကြောင့် ခေါင်းရိပ်၍ ပြာဆုပ်ဖြင့် ဦးခေါင်းပေါ်၌ကြဲကာ တိုင်းပြည်မြို့ရွာတို့မှ နင်ထုတခြင်းခံရသူအား ဗြဟ္မဏတို့၏အလည်၌ နေရာဦး သောက်ရေဦး များကိုမရနိုင်။ သေသူကို ရည်စူး၍ပြုသောထမင်း-(ပေ)-ကျွေးခွင့်မရနိုင်(စားခွင့်မရနိုင်)။ ပုဏ္ဏားတို့ကလည်း ဗေဒင်မန္တန်များကို သင်ပြမပေးကြပေ။ ထို့ပြင် ထိုပုဏ္ဏားအား သမီးထိမ်းမြားပေးခြင်းကိုလည်း ပိတ်ပင်တား မြစ်ကြပါသေးသည်။
ခတ္တိယတို့သည် ခတ္တိယတစ်ယောက်ကို တစ်စုံတစ်ခုသော အပြစ်ကြောင့် ခေါင်းရိပ်၍ ပြာဆုပ်ဖြင့် ဦးခေါင်းပေါ်၌ကြဲကာ တိုင်းပြည်မြို့ရွာတို့မှ နှင်ထုတ်ခြင်းခံရသူအား ဗြဟ္မဏတို့၏အလည်၌ နေရာဦး သောက်ရေဦး များကိုရနိုင်၏။ သေသူကို ရည်စူး၍ပြုသောထမင်း-(ပေ)-ကျွေးခွင့်ရနိုင်၏။(စားခွင့်ရ၏)၊ ပုဏ္ဏားတို့ကလည်း ဗေဒင်မန္တန်များကို သင်ပြပေးကြ၏။ ထိုပြင် ထိုခတ္တိယမင်းသားအား သမီးထိမ်းမြားပေးခြင်းကိုလည်း မပိတ်ပင် မတား မြစ်ကြပေ။
ဤကဲ့သို့ ခတ္တိယနှင့်ဗြဟ္မဏတို့ တိုင်ပြည်မြို့ရွာတို့မှ နှင်းထုတ်ခြင်းဖြင့် အလွန်ယုတ်ညံ့သည့် အဖြစ်သို့ ရောက်သွားပုံတူသော်လည်း အခွင့်အရေးရရှိမှု မတူညီသည်တို့ကို ပြဆိုထားသည်မှာ ဗြဟ္မဏနှင့်ခတ္တိယတို့အကြား အိမ်ထောင်ရေးဆိုင်ရာ ရရှိသည့်အခွင့်အရေးများ ကွဲပြားမှုရှိကြောင်း လေ့လာသိရှိရပေသည်။

No comments:

Post a Comment