မြန်မာစံတော်ချိန်
Thursday, February 9, 2012
ဆည်းပူးပညာမဟာချူလာ
၁။ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် တက္ကသိုလ်
ထိုင်းနိုင်ငံတွင် တည်ရှိသော မဟာချူလာလောင်ကွန်တက္ကသိုလ်အမည်ကို ၁၉၉၆ -နှစ် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ပထမနှစ်သင်တန်းသားအဖြစ် အဆောင်(၁၈)တွင် နေထိုင်၍ ပညာ သင်စဉ်က ကြာဖူးမိခဲ့၏။ အဆောင် (၁၈) အဆောင်မှူး ဖြစ်သူ အရှင်သာဓိန(ယခု အိန္ဒိယမှ ဒေါက်တာဘွဲ့ပြီး) အထံတွင် အင်္ဂလိပ်စာ အခြေခံဝါကျ (၂၀) သင်ယူရင်း ကြားဖူးမိခဲ့ခြင်းဖြစ်၏။
ထိုစဉ်ကတည်းက မဟာချူလာလောင်ကွန်တက္ကသိုလ်ကို စိတ်ဝင်စားမိသည်။ “တချိန်ချိန်တွင် အခြေအနေများပေးလို့ တက်ရောက်ခွင့်ရရင် တက်ရောက်ချင်စမ်းပါဘိ” ဟု စိတ်ထဲမှလည်း ရည်မှန်း ချက်များ ထားရှိမိသည်။ ယခုခေတ် အခါကဲ့သို့ ဆက်သွယ်ရေးများ မကောင်းသဖြင့်လည်း အချိန် ကာလ ကြာမြင့်သည်နှင့် ရည်မှန်းချက်များ ဝိုးတဝါးဖြင့် ပျောက်ကွယ်လု မတတ်ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုင်းနိုင်ငံမှ မဟာချူလာတက္ကသိုလ် အဘိဓမ္မာပါမောက္ခ မစ္စတာကျန်း ဘရွန်း၏ စပွန်ဆာပေးမှု၊ မွှေးကော်အိတ် လုပ်ငန်းမှ ကိုကျော်မြင့်၏ စီစဉ်ပေးမှုတို့ဖြင့် ထိုင်းနိုင်ငံသို့ သာသနာပြုခရီး ရောက်ခဲ့ရ၏။ မိမိတက်ရောက်ချင်သည်ကား မဟာချူလာလောင်ကွန်တက္ကသိုလ်မှ မာစတာ(MA)တန်း။ သူတို့ ဖြစ်စေချင်သည်ကား ထိုင်းနိုင်ငံတွင် ထိုင်းစာကိုသင်၊ တတ်မြောက်လျှင် ပြန်လည် ပို့ချပေး။ ဤကဲ့သို့ဖြစ်၏။ ရည်ရွယ်ချက်နှင့် ရလဒ်ကား တခြားစီဖြစ်ခဲ့ပေပြီ။
၂။ လမ်းပန်းမြို့မှ မြန်မာဆရာတော်ကြီး
သည်လိုနှင့် ထိုင်းနိုင်ငံ ချင်းမိုင်(မြန်မာအခေါ်ဇင်းမယ်) မြို့အနီး မြန်မာနိုင်ငံတွင် ပြင်ဦးလွင်ခေါ် မေမြို့ ကဲ့သို့ လှပချမ်းအေးလှသော လမ်းပန်းမြို့သို့ ထိုင်းစာပေများ သင်ယူရန် ရောက်ခဲ့ရပြန်၏။ လမ်းပန်း မြို့တွင် မြန်မာဆရာတော်ကြီး ဘဒ္ဒန္တဓမ္မာနန္ဒ သီတင်းသုံး နေထိုင်သော ကျောင်းဖြစ်၏။ ဆရာတော် ကြီးသည် ထိုင်းနိုင်ငံတွင် သီတင်းသုံး နေထိုင်၍ မြတ်ဗုဒ္ဓသာသနာ၊ မြန်မာ့ယဉ်ကျေးမှုတို့ကို ဖြန့်ဖြူး ခဲ့သည်မှာ အနှစ်ငါးဆယ်နီးပါး ရှိခဲ့ပေပြီ။ ထူးခြားသည်မှာ ယခုအချိန်အထိ ဆရာတော်ကြီးသည် မြန်မာပတ်စ်ပို့ကိုင်၍ မြန်မာနိုင်ငံသားအဖြစ် ခံယူလျက်ပင် ထိုင်းနိုင်ငံတွင် သာသနာပြုနေဆဲဖြစ်၏။ မြန်မာဆရာတော်ကြီး၏ သာသနာပြုမှုတို့ကြောင့် ထိုင်းရဟန်းတော်တို့မှာ မြန်မာစာပေ သင်ကြား ခွင့်ရ။ မြန်မာပြည်သို့ ကြွရောက်၍ စာပေးသင်ကြားခွင့်ရကြ၏။ ယခုဆိုလျှင် ဆရာတော်ဘုရားကြီး၏ တပည့် ထိုင်းလူမျိုးများမှာ အဆင့်မြင့်သော နေရာများတွင် အဆင့်မြင်သော မြန်မာနည်း မြန်မာ့ဟန် တို့ဖြင့် ထိုင်းနိုင်ငံတွင်လက်ဆင့်ကမ်း သာသနာ ပြုနေကြပေပြီ။
၃။ မျက်ခုံးမွှေးရိတ်ခြင်း ပြဿနာ
ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် အလွန်အရေးကြီးလှသောအရာမှာ မျက်ခုံး မွှေး ရိတ်ခြင်းပင်ဖြစ်၏။ မြန်မာပြည်သား ရဟန်းတော်တို့မှာ မြန်မာပြည်တွင် တစ်ခါမှ မျက်ခုံးမွှေးကို မရိတ်ခဲ့ဘူးကြချေ။ ထို့ကြောင့် မျက်ခုံးမွှေးရိတ်ဖို့ဆိုသည်မှာလည်း အခက်အခဲတစ်ခုလို ဖြစ်နေတော့ ၏။ ထိုင်းလူမျိုးတို့သည် သံဃာတော်တို့ကို ပထမမြင်တွေ့ခွင့် ရသည်နှင့် မျက်ခုံးမွှေးကို အရင်ကြည့် ၏။ မျက်ခုံးမွှေး မရှိမှ သူတို့စိတ်ထဲတွင် သံဃာအစစ်ဟု ထင်မှတ်ကြပုံရ၏။ ထို့ကြောင့် ထိုင်းလူမျိုး သံဃာတော်တို့သည် ဆံပင်ကို တစ်လပြည့်၍ (လပြည့်နေ့တိုင်း) အလွန်ရှည်လျားမှ ရိတ်ကြသော် လည်း မျက်ခုံးမွှေးကိုကား သတိထား၍ တစ်ပတ်တစ်ခါ ရိတ်ကြ၏။ဝပ်ထာ့မအိုးကျောင်းတိုက်သို့ ရောက်ပြီးသည်နှင့် တစ်ပတ်အကြာ ဆရာတော်ကြီး၏ သာသနာပြု အတွေ့အကြုံနှင့် မျက်ခုံးမွှေးကို ယခုအချိန်အထိ တစ်ခါမှ မရိတ်ခဲ့ဘူးကြောင်း၊ ဘမုခဝိနိစ္ဆယ (မျက်ခုံးမွှေးရိတ်ခြင်း၊ မရိတ်ခြင်း အဆုံး အဖြတ်) ကျမ်းကိုလည်း အင်္ဂလိပ်၊ ပါဠိ၊ ထိုင်းဘာသာတို့ဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း အမိန့်ရှိ ကာ ယင်းစာအုပ်ကို စာရေးသူအား စွန့်လိုက်၏။ ဆရာတော်ကြီး၏ ကျောင်းတိုက်တွင် မြန်မာနည်း မြန်မာ့ ဟန် မြန်မာ့ယဉ်ကျေးမှုတို့ဖြင့် ကျောင်းတိုက်၊ စေတီများကို တွေ့ခွင့်ရခဲ့၏။ မြန်မာပြည်နှင့် မြန်မာ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသော ဆရာတော်၏ မျိုးချစ်စိတ်ကိုကား နိုင်ငံခြားသာသနာပြု မြန်မာ ရဟန်းတော်တို့ အတုယူသင့်လှ၏။ ဆရာတော်ကြီး၏ ဝပ်ထာ့မအိုးကျောင်းတိုက်တွင် တနှစ်တာမျှ ထိုင်းစာပေတို့ကို သင်ကြားခဲ့ရ၏။ ဆရာတော်ကြီး၏ အရိပ်အာဝါသ အောက်မှာ နေရသည်ကား အလွန်မှ ငြိမ်းချမ်းလှ၏။
၎။ ဗီဇာအခက်အခဲ
ဆရာတော်ကြီး၏ ကျောင်းတိုက်မှာ နေရသည်မှာ ပျော်ရွှင် ငြိမ်းချမ်းလှသော်လည်း မပျော်ရွှင်သည် ကား နေထိုင်ခွင့် ဗီဇာကိစ္စပင် ဖြစ်၏။ ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ရဟန်းတော်တို့အတွက် နေထိုင် ခွင့်ဗီဇာသည် အရမ်းခက်ခဲလှ၏။ မည်သို့ မည်ပုံ ဗီဇာကိစ္စလုပ်ရမည် ဟု မိမိအား ညွှန်ပြမည့်သူ မရှိ။ တက္ကသိုလ်တက်ခွင့်ရရေး ရည်ရွယ်ချက်ကား မည်သို့ရှိသည် မသိ။ လောလောဆယ်တွင် ဗီဇာကိစ္စ အဆင်မပြေ၍ မြန်မာနိုင်ငံသို့ ပြန်လှည့်ရမည့် အခြေအနေဖြစ်၏။ ထိုကဲ့သို့လည်း မဖြစ်ချင်။ ကြံရာမရ ဖြစ်နေစဉ် တစ်လအတွင်းမှာပင် လမ်းပန်းမြို့ ဝပ်ထာ့မအိုး ကျောင်းတိုက်သို့ စာပေသင်ကြားရန် မြန်မာနိုင်ငံတွင် ရဟန်းဖြစ်ခဲ့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ဒီပလိုမာတန်းနှင့် ဘီအေ တန်းတွင် သင်ကြားခဲ့ဖူးသည့် ဂျပန်လူမျိုး ရဟန်းတစ်ပါး ရောက်ရှိလာ၏။ တစ်ပတ်ခန့်အကြာတွင် ယင်းဂျပန်ရဟန်းတော်နှင့် ရင်းနှီး၍ စကားစပ်မိသဖြင့် ဗီဇာ အကြောင်း သိခွင့်ရခဲ့၏။ စိတ်မပူဖို့ အကြောင်းနှင့်သူကူညီမည့်အကြောင်း ပြောကြားလာ၏။ထို့နောက် မြန်မာပြည်စာသင်ရာမှ ပြန်ကြွ လာသော ထိုင်းလူမျိုး ရဟန်းတော် တစ်ပါး၏ ကူညီမှုကြောင့် ဗီဇာကိစ္စ အဆင်ပြေခဲ့၏။ သို့သော် လမ်းပန်းမြို့နှင့် ဘန်ကောက်မြို့မှာ (၉)နာရီကျော်ကြာ ကားစီးရ၊ ခရီးသွား ရ၏။ အသွားအပြန် ဘန်ကောက်သို့ ရှစ်ကြိမ်ခန့် သွားရမှု ကြောင့် ကျောင်းတက်ဖို့ စုစောင်းထားသည့် တက္ကသိုလ်တက်ဖို့ ကျောင်းစာရိတ်များမှာ တက်တက် စင်အောင် ကုန်သွားခဲ့ရပြန်ပါသည်။ သည်လို နှင့် တစ်နှစ်အကြာ မြန်မာပြည်သို့ ကျောင်းစာရိတ်ရှာ ပြန်ခဲ့ရတော့သည်။
၅။ ဘန်ကောက်မြို့ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့
မြန်မာပြည်မှ ပြန်အလာ ဘန်ကောက်သို့ ပြောင်းရွှေ့ရန်နှင့် တက္ကသိုလ်တက်ခွင့်ရဖို့ရန် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စုံစမ်းခဲ့ရ၏။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက္ကသိုလ်တက်ခွင့်ရဖို့ အသာထား အရေးကြီးသည်ကား မိမိအတွက် ဘုန်းကြီးကျောင်းတစ်ခုခုတွင် ကျောတစ်နေရာစာ နေခွင့်ရဖို့ ပင်ဖြစ်၏။ ထိုင်းနိုင်ငံရှိ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာရှိမှ တက္ကသိုလ်ဖောင်တင်ခွင့်၊ ဖြေခွင့်၊ တက်ခွင့်ရ၏။ ထိုင်းဘုန်းကြီးကျောင်းတွင် နေခွင့်ရဖို့ဆိုသည်မှာလည်း အလွန်ပင် ခက်ခဲလှ၏။ အဆက်အသွယ် မရှိလျှင် မည်သို့မျှ အဆင်မပြေနိုင်။ မိမိသည်ကား ထိုင်းလူမျိုးရဟန်းတော်တစ်ပါး၏ ကူညီမှုကြောင့် ဘန်ကောက်မြို့ရှိ မြဘုရားအနီးတွင် ကျောင်းတစ်ဆောင်တွင် အခန်းတစ်ခန်း ရရှိခဲ့၏။
၆။ မဟာချူလာ၏ မူလတည်နေရာ
မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မူလတည်နေရာကား မြဘုရားအနီး ဝပ်မဟာထာ့ကျောင်းတိုက် ဧရိယာတွင် တည်ရှိသောကြောင့် သွားရ လာရ စုံစမ်းရသည်မှာ မိမိအတွက် အလွန်လွယ်ကူလှ၏။ အချက်အလက်တို့ကို သိခွင့်ရပြီးသည့်နောက် ကုန်ကျစာရိတ်တို့ကို တွက်ချက်ရပြန်၏။ အဆင်ပြေ လောက်ပြီဆိုမှ ဖောင်တင်၊ ဝင်ခွင့်ဖြေ၊ အောင်စာရင်းထွက်၊ အင်တာဗျူးဖြေ စသည်ဖြင့် အဆင့်ဆင့် လုပ်ဆောင်ရတော့၏။ ဝင်ခွင့်ရပြီးနောက် စာမေးပွဲကြေး သွင်းပြီးသည်နှင့် ဗီဇာကိစ္စ၊ တက္ကသိုလ်မှ အဆောင်တွင် အခန်းရဖို့ကိစ္စ လွယ်ကူသွားတော့၏။ (ယခုအချိန် တက္ကသိုလ်တွင် အဆောင်မှ အခန်း ရဖို့ အခက်အခဲရှိနေသေး၏။ ဆက်လက်ဆောက်လုပ်နေဆဲ။)
၇။ မာစတာတန်းအတွက် လိုအပ်သမျှ
မဟာချူလာလောင်ကွန်တက္ကသိုလ်၏ မာစတာခေါ် အမ်အေ (MA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဒီဇင်ဘာလ (၂၅)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသည့် ညီတော်နောင်တော်တို့အတွက် အခက်အခဲ သိပ်မရှိ လှချေ။ မူရင်းအောင်လက်မှတ်နှင့် အမှတ်စာရင်းတို့ကို မိတ္တူကူး၊ မြန်မာပြည်တွင် နေထိုင်သော ကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီး၏ ထောက်ခံစာတို့ကို နိုတြီပြန်ထားပြီးလျှင် ထိုင်းကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး၏ နေထိုင်ကြောင်းထောက်ခံစာတို့ ပူးတွဲ တင်ပြရ၏။ သည်လောက်ဆိုလျှင် ဝင်ခွင့်ဖောင်တင်ဖို့အတွက် လုံလောက်ပြီဖြစ်၏။ ဝင်ခွင့်ဖောင်အတွက် ဘတ်(၅၀၀)ငါးရာ (ကျပ် တစ်သောင်းခွဲခန့်) ဖြစ်၏။ သာသနာ့တက္ကသိုလ်မှ မဟုတ်သည့် ပြင်ပနည်းစနစ်တို့ကိုတော့ အတိ အကျ မသိချေ။ဝင်ခွင့်ဖြေချိန်မှာ မတ်လ (၁၉)ရက် နှင့် (၂၀)ရက်။ ဝင်ခွင့်ကို တခါတရံ တစ်ကြိမ် တစ်ရက်နှုံးဖြင့် နှစ်ချိန်၊ နှစ်ရက်ဖြေဆိုရ၏။ တခါတရံ တစ်ရက်တည်း ဖြေဆိုရ၏။ ပုံမှန်တော့ မရှိချေ။ နံနက် (၉)နာရီမှ (၁၁)နာရီအထိ အထွေထွေ ဗဟုသုတနှင့် နေ့ခင်း (၁)နာရီမှ (၃)နာရီအတွင်း အချိန် ကား အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မတ်လ (၂၇)ရက်နေ့ နေ့ခင်း (၂)နာရီ တွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မတ်လ (၂၈)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား ဧပြီလ (၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်၏။ ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဧပြီလ (၁၈)ရက် နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၆)ရက်နေ့တွင်ဖြစ်၏။ တခါတရံတွင် ကြိုတင် သင်တန်းတက်ခြင်း၊ အစည်းအဝေးကျင်းပခြင်း၊ မိတ်ဆက်ခြင်းတို့ကို ကြိုတင် အကြောင်းကြား၍ ပြုလုပ်လေ့ရှိ၏။
၈။ ဘီအေတန်းအတွက် လိုအပ်သမျှ
မဟာချူလာလောင်ကွန်တက္ကသိုလ်၏ ဘီအေ (BA)တန်းအတွက် ဖောင်တင်ချိန်မှာ နှစ်စဉ် ဧပြီလ (၁)ရက်ဖြစ်၏။ ဝင်ခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများမှာ အထက်၌ ဖော်ပြခဲ့ပြီးသာ အမ်အေ(MA) တန်းနှင့် အတူတူပင်ဖြစ်၏။ ပြင်ပမှ ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယ အောင်မြင်ပြီးသော သူတို့မှာ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံချက်များ အမှတ်စာရင်းများ နိုတြီပြန်ထားဖို့ အမှန်တကယ်လိုအပ်မည်ဖြစ်၏။ ဝင်ခွင့်ဖြေချိန်မှာ မေလ (၁၈)ရက်၊ နေ့ခင်း (၁)နာရီမှ (၅)နာရီထိ နှစ်ချိန်ခွဲ ဖြေဆိုရ၏။ ပထမအချိန်မှာ အထွေထွေ ဗဟုသုတကို ဖြေဆိုရပြီး ဒုတိယ အချိန်မှာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတို့ကို ဖြေဆိုရ၏။ မေလ (၂၃)ရက်နေ့ နေ့ခင်း (၂)နာရီတွင် ဝင်ခွင့် အောင်စာရင်းထွက်၏။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သော သူတို့ မေလ (၂၅)နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရ၏။ အင်တာဗျူး အောင်စာရင်းကိုကား မေလ (၂၈)ရက် နေ့ခင်း (၂)နာရီတွင် ထွက်တော့၏။ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို ဇွန်လ (၁)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်း တို့နှင့်အတူ ပေးသွင်းရ၏။ ထိုအချိန်တွင် နေရမည့် အဆောင်နှင့် အခန်းတို့ကို သက်ဆိုင်ရာမှ သတ်မှတ်ပေး၏။ ကျောင်းစတင် တက်ရမည့် ရက်ကား ဇွန်လ (၁၈)ရက်နေ့တွင်ပင် ဖြစ်တော့၏။
၉။ ကုန်ကျစာရိတ်များ
အမ်အေ(MA) တန်း တက်ခွင့်ရသူတို့သည် ကျောင်းတက် (၂)နှစ်၊ Thesis (၃)နှစ်ဖြစ်၏။ ကုန်ကျ စာရိတ်များမှာ အမ်အေတန်း ပထမနှစ်အတွက် ပထမခြောက်လပတ် ဘတ် (၁၄၅၀၀) တစ်သောင်း လေးထောင့်ငါးရာ (ကျပ်ငွေငါးသိန်းခန့်)၊ ဒုတိယခြောက်လပတ်ဘတ်(၁၃၅၀၀)တစ်သောင်းသုံးထောင် (ကျပ်ငွေလေးသိန်းလေးသောင်းခန့်)၊ (၁)နှစ်လျှင် စုစုပေါင်း ကျပ်ဆယ်သိန်းနီးပါး ပေးသွင်းရမည် ဖြစ်၏။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစား အသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကိုလည်း ပထမနှစ်လောက် မများသော်လည်း ပထမနှစ်နီးပါး ပေးသွင်းရမည်ဖြစ်သည်။ဘီအေ (BA) တန်းအတွက် ပထမနှစ် ပထမခြောက်လပတ်အတွက် ဘတ်(၆၅၀၀) ခြောက်ထောင်ငါးရာ(ကျပ်နှစ်သိန်းနှစ်သောင်းခန့်)၊ ဒုတိယခြောက်လပတ် ဘတ်(၅၅၀၀) (ကျပ်နှစ်သိန်းနီးပါးခန့်)၊ တစ်နှစ်လျှင် ကျပ်လေးသိန်းနှစ်သောင်း ခန့် ပေးသွင်းရမည်ဖြစ်သည်။ ယင်းမှာ ပထမနှစ် သင်တန်းကြေးသက်သက်သာ ဖြစ်၏။ ဗီဇာကြေး၊ စာအုပ်၊ မိတ္တူ၊ အစားအသောက်နှင့် သွားလာစာရိတ်တို့ မပါသေးချေ။ ကျန်ရှိသော အတန်းတို့ကို လည်း ပထမနှစ်ထက်အနည်းငယ် ပိုမိုလျက် ပေးသွင်းရမည်ဖြစ်သည်။
၁၀။ လိုအပ်သော အင်္ဂလိပ်စာ အရည်းအချင်း
အထက်ပါ နှစ်တန်းလုံးအတွက် အင်္ဂလိပ်စာ အထူးကျွမ်းကျင်စွာ ရေးတတ်၊ ပြောတတ်၊ နားထောင် တတ်ရမည်ဖြစ်သည်။ အထူးသဖြင့် နားထောင်နိုင်စွမ်းရှိဖို့ ပိုမိုလိုအပ်မည် ဖြစ်ပြီး သို့မှသာ မိမိသဘော ပေါက်သလို ပြန်လည် ပြောဆို ရေးသားနိုင်မည် ဖြစ်သည်။ အတန်းတိုင်းတွင် အဆိုင်းမင့်များ ရေးသား ခြင်း၊ ပါဝါပွိုင့်များပြုလုပ်ကာ ပရော်ဂျက်တာဖြင့် တင်ပြခြင်းတို့ကို ဘာသာရပ်တိုင်းတွင် ပြုလုပ်ရမည် ဖြစ်သည်။ အင်္ဂလိပ်စာဝေါဟာရကျွမ်းကျင်မှုကလည်း မိမိတို့အတွက် ပိုမို အထောက်အပံ့ ရနိုင်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ဘီအေတန်း ပထမနှစ်တွင် Economics in Daily Life, Techniques of Higher Education, Language and Communication, Introduction to Linguistics, Introduction to Philosophy, Introduction to Logic နှင့် Basic mathematics ကဲ့သို့သော ဘာသာရပ်များနှင့် ဝေါဟာရများမှာ မြန်မာပြည်သား ရဟန်တော်များအတွက် တရင်း တနှီး မရှိသောကြောင့် ဝေါဟာရကြွယ်ဝမှုများလည်း လိုအပ်လှပါသည်။ ဘာသာရပ်များ၏ အသေး စိတ်ကို မဟာချူလာ၏ ဆိုဒ်ဖြစ်သည့် http://inter.mcu.ac.th နှင့် မဟာချူလာလောင်ကွန် တက္က သိုလ်၏ ပုံရိပ်များ၊ သင်ကြားရမည့် အချိန်၊ ဘာသာရပ်အသီးသီးတို့ကိုလည်း မြန်မာဘာသာဖြင့် ရေးသားထားသည့် http://www.pyinnyarzarni.com/ ဆိုဒ်တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာ နိုင်ပါသည်။
၁၁။ တက္ကသိုလ်ပေါင်းများစွာ
အချိန်လည်းရ ငွေကြေးလည်း အဆင်ပြေသူတို့အတွက် ဘီအေအတန်းမှ စတင်တက်ရောက်ခြင်းဖြင့် (ဘွဲ့အတွက်သာမဟုတ်) မိမိတို့၏ အတတ်ပညာပိုင်းဆိုင်ရာ အသိပညာပိုင်းဆိုင်ရာများမှာ ဘဝ အတွက်သော် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက်သော်လည်းကောင်း များစွာမှ အထောက်အကူပြုမည် ဖြစ်သည်။ အထက်၌ တင်ပြခဲ့သည်မှာ မဟာချူလာလောင်ကွန် တက္ကသိုလ်မှ အင်တာနေရှင်နယ် အင်္ဂလိပ်အစီအစဉ်အတွက် သီးသန့်ဖြစ်၏။ အခြားတက္ကသိုလ်များဖြစ်သော အိုင်ဘီစီတက္ကသိုလ်၊ မဟာမကုဋ်တက္ကသိုလ်။ မဟီဒေါတက္ကသိုလ်၊ အေဘက်တက္ကသိုလ်၊ စိတ်ဂျွန်း တက္ကသိုလ်၊ အယုဒ္ဓယတက္ကသိုလ်၊ ရန်ခါမ်ဟိန်းတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်ပေါင်းများစွာ ကျန်ရှိနေပါသည်။ ယင်းတက္ကသိုလ်များတွင် မိမိတို့၏ အင်္ဂလိပ်စာ အရည်အချင်း၊ တတ်နိုင်သည့် ငွေကြေးပေါ်မူတည်၍ တက်ရောက်နိုင်ပါသေးသည်။
၁၂။ သင်တန်းချိန်များ
မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် အမ်အေ(MA)တန်းအတွက် တပတ်လျှင် နှစ်ရက်(သို့) သုံးရက် သင်ကြားရမည်ဖြစ်ပြီး၊ ဘီအေ (BA) တန်းတွင် လေးရက် (သို့) ငါးရက် သင်ကြား ရမည် ဖြစ်သည်။ အတန်း စတင်ချိန်မှာ နံနက်ကိုးနာရီ ဖြစ်ပြီး သင်တန်းဆင်းချိန်မှာ ညနေ ငါးနာရီဖြစ်သည်။ အင်္ဂလိပ်စာ ထပ်မံလေ့လာလိုသူတို့အတွက် အခြေခံအတန်း၊ အလယ်တန်း၊ အဆင့်မြင့်တန်း စသည် ဖြင့် အတန်းလိုက် ငွေကြေးပေးသွင်း၍ ညနေပိုင်းအချိန်တွင် ထပ်မံသင်ကြားဆည်းပူးကာ အောင် လက်မှတ်များ ရယူနိုင်ပါသေးသည်။
၁၃။ ဝင်ခွင့်အတွက် မသေချာ
ဝင်ခွင့် စာမေးပွဲကိုတော့ ကန့်သတ်သည့် အရေအတွက်ဖြင့်သာ လက်ခံ၏။ ဝင်ခွင့် ဖြေသည်က အရေ အတွက်အားဖြင့် တစ်ရာ၊ သို့သော် လက်ခံသည်ကား တစ်ရာလုံး လက်ခံမည် မဟုတ် သုံးဆယ့်ငါး (၃၅)၊ (သို့) လေးဆယ်(၄၀)ဝန်းကျင်သာ လက်ခံမည်ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဝင်ခွင့် လက်ခံသည့် ပုံစံကဲ့သို့ ဖြစ်၏။ မိမိက မည်မျှတော်သည် ဖြစ်စေ မိမိ ထက် ပို၍တော်သော သူတို့ မိမိအထက်မှာ ရှိနေလျှင်ကား ဝင်ခွင့်အတွက် မသေချာပေ။
၁၄။ မြန်မာပြည်မှ ဗီဇာအတွက်လိုအပ်ချက်များ
မြန်မာနိုင်ငံမှ ထွက်ခွါခွင့်ရရန်အတွက် ထိုင်းသံရုံးသို့ ဗီဇာတင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထောက်ခံ စာ၊ သက်ဆိုင်ရာ တက္ကသိုလ် မော်ကွန်းထိန်းဌာနမှ ထောက်ခံစာ၊ ထိုင်းနိုင်ငံမှ မြန်မာရဟန်းတော် တစ်ပါးပါး၏ သာသနာဝင် မှတ်တမ်း၊ ပတ်စ်ပို့နှင့် နေရပ်လိပ်စာတို့ ရယူပြီး မြန်မာနိုင်ငံရှိ သာသနာရေး ရုံးနှင့် ဆက်သွယ်လျက် လိုအပ်သည့်အချက်သည့်အချက်အလက်တို့ကို မြန်မာနိုင်ငံရှိ ထိုင်းသံရုံးသို့ စုစောင်း တင်ပြရမည်ဖြစ်သည်။
၁၅။ မြန်မာရဟန်းတော်များအတွက် အခက်အခဲ
ထိုင်းဘုန်းကြီးကျောင်းများတွင် မြန်မာရဟန်းတော်တို့အဖို့ အဆင်ပြေပြေ နေခွင့်ရဖို့ဆိုသည်မှာ အလွန်ခက်ခဲသလို နေခွင့်ရပြီးသည့်နောက် သူတို့၏ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေ နေတတ်ဖို့ရန် မှာလည်း အလွန်ပင်ခဲယဉ်းလှ၏။ ပထမအခက်အခဲမှာ သင်္ကန်းဝတ်ရုံခြင်းဖြစ်၏။ သူတို့၏ အခမ်း အနားတွင် ဝတ်ရုံခြင်း၊ ဘုရားရှိခိုးရာတွင် ဝတ်ရုံခြင်း၊ ဆွမ်းစားရာတွင် ဝတ်ရုံခြင်းတို့မှာ မြန်မာရဟန်း တော်တို့အတွက် အလွန်ပင် စိတ်ပင်ပန်းလွန်းလှ၏။ ဆွမ်းစားရာတွင်လည်း တစ်နာရီခန့်ကြာမြင့်ခြင်း၊ အေးဆေးစွာ ဘုဉ်းပေးသုံးဆောင်တတ်ခြင်းတို့မှာလည်း မြန်မာရဟန်းတော်တို့အတွက် အခက်အခဲ တစ်ခုပင် ဖြစ်၏။ထိုင်းရဟန်းတော်တို့သည် ညနေစောင်းသည်နှင့် မြို့ရွာတွင်းသို့ သွားခြင်း၊ လိုင်းကား စီးခြင်း၊ ဈေးဝယ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို မတွေ့ရတော့ချေ။ ည (၈)နာရီခန့် ရောက်သည်နှင့် မီးပိတ်၍ အိပ်စက်တော့သည်သာ။ နံနက်စောစောထကာ ဘုရားရှိခိုး၊ ဆွမ်းခံထွက်၊ သန့်ရှင်းရေးလုပ်။ ညနေပိုင်းတွင်လည်း ဘုရားရှိခိုး သန့်ရှင်းလုပ်။ တခါတရံ နေ့ခင်းပိုင်းတွင်ပါ ဘုရားရှိခိုးတတ်ကြသေး သည်။ ဘုရားရှိခိုးပြန်တော့လည်း ဒူးထောက်၍ ရှိခိုးရ၏။ တစ်နာရီခန့်ကြာမြင့်၏။ ထိုင်းရဟန်းတော် များမှာ မကြာမကြာ ဘုရားရှိခိုးလေ့ရှိကြ၏။မြန်မာတက္ကသိုလ်ကျောင်းသား ရဟန်းတော်များအဖို့ စောစောအိပ်စက် အနားယူဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သလို ဘုရားရှိခိုးခြင်း၊ သန့်ရှင်းလုပ်ခြင်း သက်သက်ဖြင့်လည်း အချိန်ကုန်ခံဖို့မလွယ်၊ ဖြစ်နိုင်လျှင် တက္ကသိုလ်မှ အဆောင်တွင် အခန်းရပါက ယင်းအဆောင်တွင် ရက်သတ္တပတ်လျှင် ငါးရက်နေ။ ထိုင်းဘုန်းကြီးကျောင်းများတွင် စနေ၊ တနင်္ဂနွေ နှစ်ရက်နေခြင်းက မြန်မာရဟန်းတော်အဖို့ ပို၍ အဆင်ပြေတော့သည်။ထိုနေရာများတွင် မနေနိုင်၍ အိန္ဒိယနိုင်ငံ၊ သိရီလင်္ကာနိုင်ငံများကဲ့သို့ တိုက်ခန်းများတွင် ငှါး၍ နေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်တည်း။ ထို့ထက် ပို၍ သတိထားသင့်သည်မှာ မာတုဂါမ(အမျိုးသမီး)များနှင့် တရင်းတနှီး နေလေ့မရှိဘဲ၊သူတို့ လှူသော ပစ္စည်းဝတ္ထုများကိုလည်း တိုက်ရိုက်အလှူခံခွင့်မရှိ။ လက်ကိုင် ပဝါကဲ့သို့သော ပဝါစ တစ်ခုခုပေါ်တွင် တင်၍ အလှူခံခြင်းပင်ဖြစ်တော့သည်။
၁၆။ ဝပ်တစ်လုံးကျောင်းတိုက်
ယခုအချိန်အခါတွင် မြန်မာကျောင်းသားရဟန်းတော်တို့အတွက် အားကိုးရာ ကျောင်းတိုက်တစ်ခု ပေါ်လာခဲ့ပြီ ဖြစ်၏။ ယင်းကျောင်းတိုက်မှာ ဝပ်တစ်လုံးကျောင်းတိုက်ဖြစ်၏။ ယင်းကျောင်းတိုက်၏ ကျောင်းထိုင်းဆရာတော်သည် မြန်မာလူမျိုးများကို ချစ်ခင်၏။ မြန်မာလူမျိုးတို့၏ အရေးကိစ္စများကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ပေး၏။ မြန်မာကျောင်းသား ရဟန်းတော်တို့၏ ဘဝကို စာနာ နားလည် ပေး၏။ အချိန်နှင့် လုပ်ဆောင်ချက်တို့ကိုလည်း သိထား၏။ယင်းကျောင်းတိုက်တွင် ယခုအခါ မြန်မာ ကျောင်းသားရဟန်းတော်များ သီတင်းသုံးနေထိုင်သည်မှာ (၁၀၀)တစ်ရာကျော်ရှိ၏။ ကျောတစ်နေ ရာစာ ရဖို့ပင် အခက်အခဲများစွာရှိလှ၏။ တစ်လလျှင် ရေဖိုးမီးဖိုး အင်တာနက်ဖိုး ဘတ်(၅၀၀) ငါးရာ (ကျပ်တစ်သောင်းခွဲ) ပေးရ၏။ အင်တာနက်အသင်းဝင်ကြေးမှာ ဘတ်ရှစ်ရာ (ကျပ်နှစ်သောင်းခွဲခန့်) ပေးရ၏။ သို့သော် ယင်းကျောင်းတိုက်တွင် မြန်မာရဟန်းတော်တို့ နေထိုင်ရသည်မှာ များစွာ အဆင် ပြေလှ၏။ မည်သည့် မြန်မာရဟန်းတော်မဆို ယင်းကျောင်းတိုက်တွင် နေထိုင်ခွင့်တောင်းပါက နေထိုင် ခွင့်ရကြ၏။ သို့သော် ကျောချစရာ နေရာ အခက်အခဲကိုတော့ သတိပြုရမည်ဖြစ်၏။
၁၇။ ပညာသင်ကြားနိုင်ရေး အထောက်အပံ့များ
မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသော တက္ကသိုလ်ကျောင်းသားရဟန်းတော်များ စုပေါင်း၍ Myanmar Student Monks Organization in Thailand (MSMO) ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ရှိ၏။ ယင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခွဲခန့် ရှိပြီ ဖြစ်၏။ မြန်မာပြည်သူ ပြည်သားများ လှူဒါန်းထားသည့် ဝတ္ထုငွေများကို ယင်းအဖွဲ့အစည်းမှ ထိမ်းသိမ်းထား စောင့်ရှောက် ထား၍ တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ပြန်လည် ခွဲဝေလှူဒါန်းပေး၏။ ကျောင်းသား အနည်းအများပေါ် မူတည်၍ ဘတ်သုံးထောင်မှလေးထောင်အကြား ရရှိကြ၏။ ရံဖန်ရံခါ ဝါဆိုဦးပွဲတော်၊ ကထိန်ပွဲတော်၊ သင်္ကြန်ပွဲတော် စသည့် ပွဲတော်များတွင်လည်း ပညာသင်ကြားဖို့ရန် အထောက်အပံ့များ ရရှိနိုင်ပါ သေးသည်။
၁၈။ တိုက်တွန်းချက်
ထိုင်းနိုင်ငံသည် ယခုအချိန်အခါတွင် လွန်စွာမှ ဖွံ့ဖြိုးတိုးတက်နေပြီး ဒီမိုကရေစီထွန်းကားသည် နိုင်ငံ တစ်နိုင်ဖြစ်၏။ ထိုင်းနိုင်ငံ ပညာသင်ကြားရသည်မှာ လွတ်လပ်ခွင့်အပြည့်အဝ ရရှိကြ၏။ ဆရာနှင့် တပည့် စာသင်ခန်းထဲတွင် စာပေနှင့်ပတ်သက်သမျှတို့ကို ငြင်းခုံခွင့် အပြည့်ရှိ၏။ ဆရာကလည်း သူမှားရင် သူမှားကြောင်း ဝန်ခံဖို့ ဝန်မလေး။ တပည့်ကလည်း သူမှန်လျှင် မှန်ကြောင်း ပြောဖို့ ဝန်မ လေး။ ပြီးတော့လည်း စာသင်ခန်းထဲမှာပင် ပြီးသွားကြ၏။ရင်ထဲမှာ ဘာမျှ မရှိ။ အမုန်းမရှိ။ အငြှိုးမရှိ။ ချစ်တော်မရှိ။ ပကတိဖြူစင်သော စိတ်ထားများဖြင့် တွေ့ကြ၊ ဆုံကြ၊ အချိန်တန်တော့လည်း ခွဲခွါသွားကြပြန်၏။ ချစ်စရာကောင်းသည် ထူးခြားချက်မှာ တပည့်ကြောင့် ဆရာတည်မြဲခြင်းပင် ဖြစ်၏။ စာသင်နှစ်၏ ပထမခြောက်လပတ် တဝက်ကျိုးသည်နှင့် တပည့်တွေကို သင်ကြားပေးခဲ့သည် ဆရာ တို့၏ အရည်အချင်းကို တပည့်တွေက မှတ်ချက်ပေးရ၏။ ကောင်းသလား၊ အလွန်တော်သလား၊ သာမန်တော်သလား၊ ညံ့သလား စသည်တို့ကို ရွေးချယ် မှတ်ချက်ပေးရ၏။ တပည့်တွေ မှတ်ချက်၌ အဆင်မပြေသော ဆရာများသည် နောင် ဒုတိယ ခြောက်လပတ်တွင် ပြန်လည်သင်ကြားခွင့် မသေချာ တော့ပေ။ သင်ကြားရေးနှင့် ပတ်သက်သမျှ မိမိထင်မြင်ရာ မှန်သမျှကို စိတ်ထဲမှာ ရှိသည့်အတိုင်း တင်ပြခွင့်ရှိ၏။ စကားပြော၍ တစ်မျိုး၊ စာရေး၍ တစ်ဖုံ၊ တင်ပြချင်သလို တင်ပြခွင့်ရှိ၏။ ပါမောက္ခ ချုပ်ကို မည်သူမဆို တွေ့ခွင့်ရှိ၏။ မိမိ ပြောဆိုတင်ပြလိုသော အကြောင်းအရာ အချက်အလက်တို့ကို ပါမောက္ခချုပ်ထံ တင်ပြတောင်းဆိုနိုင်၏။ အင်တာနက်မှာ (၂၄)နာရီအပြည့် စိတ်ကြိုက် သုံးခွင့်ရှိ၏။
ဆရာတို့၏ အရည်အချင်းမှာလည်း ဗုဒ္ဓအဘိဓမ္မာစာပေများမှလွဲ၍ အလွန်ပင် ပြည့်ဝလှ၏။ တပည့် တွေက နိုင်ငံစုံသလို ဆရာတွေမှာလည်း နိုင်ငံစုံလှ၏။ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ ကိုးရီး ယား၊ အိန္ဒိယ၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်စသည်ဖြင့် စုံလင်လှ၏။ ဗုဒ္ဓစာပေကို ခေတ်အမြင် ခေတ်အ တွေးဖြင့်သင်လိုသော၊ နိုင်ငံတကာ ဗဟုသုတရလိုသော၊ အင်္ဂလိပ်စာ ကျွမ်းကျင်လိုသော၊ လောကီ စာပေပေါင်စုံတို့ကို အင်္ဂလိပ်လို လေ့လာလိုသော ၊ နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု အောင် လက်မှတ် ဘွဲ့တံဆိပ် ရရှိလိုသော သုတေသီတို့အား အရောက်လှမ်းလို့သာ မဟာချူလာလောင်ကွန် တက္ကသိုလ်သို့ ကြွလှမ်းလာခဲ့ပါဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
မဟာချုလာလောင်ကွန်ဗုဒ္ဓတက္ကသိုလ်
၊
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊မဟာချုလာလောင်ကွန်ဗုဒ္ဒဘာသာတက္ကသိုလ်(သတိပြုရန်မှာ ချုလာလောင်ကွန်ဟုနာမည်ကွဲ ဆင်တူရှိသည် )တွင်ပညာသင်ကြားမည့်သံဃာတော်များသည် အမ်အေ(M.A . Buddhist Studies) အတွက် နှစ်စဉ်ဇန်န၀ါရီလမှသည် လမတ်လတွင်း လျှောက်လွှာဖောင်ပုံစံကိုထုတ်ပေး နေပါသည်။
အင်္ဂလိပ်မီဒီယမ်ဖြစ်၍အင်္ဂလိပ်စာအရည်အချင်းကောင်မွန်ရမည်ဖြစ်ပါတယ်။ ၀င်ခွင်လျှောက်လွှာ တစ်စောင်ကို ဘတ်ငွေ ၅၀၀ ဖြစ်ပါသည်။ တက္ကသိုလ်၏ တည်ရှိရာထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ဟောင်းအနီး၊ ၀ပ်နွိုင်အ ရပ်၊တက္ကသိုလ်ဝင်းရှိကျောင်းခန်းတွင်ဖြစ်စေ၊ မိမိနေထိုင်ရာနိုင်ငံရှိ ထိုင်းသံရုံတွင်ဖြစ်စေ ၀င့်ခွင် လျှောက်လွှာ ဖောင်များကို မေးမြန်း၍ ဘတ် ၅၀၀ နှုန်းဖြင့်ဝယ်ယူလျှောက်ထားနိုင်ပြီဖြစ်ပါသည်။
အင်္ဂလိပ်မီဒီယမ် ဘီအေ (B.A . Buddhist Studies) နှင့် ဘီအေ (ထိုင်းဘာသာ)အတွက်ဝင်ခွင့် လျှောက်လွှာပုံစံများကိုတော့ အနည်းငယ်နောက်ကျ၍ မတ်လမှသည် မေလအထိ(၃)လအတွင်း ဖော်ပြပါ နေရာဌာနတွင် စုံးစမ်ထုတ်ယူနိုင်ပါသည်။
မြန်နိုင်ငံရှိ ထေရ၀ါဒတက္ကသိုလ်များကဲ့သိုပင် နိုင်ငံတကာမှ သံဃာတော်များရော ၊လူပုဂ္ဂိုလ်များပါ လာရောက်သင်ယူသော မဟာချူလာဗုဒ္ဓတက္ကသိုလ်ပင် ဖြစ်ပါသည်။ ဘီအေ(B.A)၊ အမ်အေ ( M.A)၊ ဒေါက်တာ( Ph D) တန်းများကို အင်္ဂလိပ်ဘာသာရပ်နှင့် ထိုင်းဘာသာရပ်နှစ်မျိုးတို့ဖြင့် သင်ပြပေးသည့် တက္ကသိုလ်ဖြစ်ပါသည်။ စိတ်ပါဝင်စားသည့် ကျောင်းသားများသည် လက်ရှိတက်ရောက်ဆဲလျက်ရှိသော
ကျောင်းသားများမှတဆင့်ဖြစ်စေ၊ ဖော်ပြပါတက္ကသိုလ်ဝက်ဆိုက်တွင်ဖြစ်စေအသေးစိတ်လမ်းကြောင်းများ ၀င်ရောက်ဖတ်ရှု့ မေးမြန်းနိုင်ပါသည်။ Visit ဗီဇာဖြင့်ဘန်ကောက်သို့လာရောက်၍လည်း လျှောက်ထားနိုင် ပါသည်။ ဘန်ကောက်ရှိ မိမိသူငယ်ချင်းများမှတဆင့် ဖောင်များကို ထုတ်ယူစေပြီး စာတိုက်မှတဆင့်
ပို့ပေးလို့လည်း ရနိုင်ပါသည်။
ဒေါက်တာဘွဲ့ ( Ph.D) အတွက် အမိတက္ကသိုလ်က အမ်အေဘွဲ့ရများကို ဦးစားပေးပါသည်။ ဒေါက်တာဘွဲ့အတွက် ကျောင်းကစကောလာရှစ်မပေးပါ။ အမ်အေ(M.A. Buddhist Studies) အတွက် စုစုပေါင်း ၄၈- ခရက်ဒင့် (48 Credits)ရှိသည်။One credit လျှင် ဘတ် ၁၅၀၀ ပေးရသည်။ ဘာသာရပ် တစ်ခုတွင် ပုံမှန် 3-Creditsရှိသည့်အတွက် စုစုပေါင်းတစ်ဘာသာဖီးကြေးမှာ ၄၅၀၀ ဘတ်ကျမည်ဖြစ်သည်။
ဘာသာအချို့တွင် ၂ ခရစ်ဒစ်သာရှိသည့်အတွက် ဖီးကြေး ၃၀၀၀ဘတ်ပေးရလိမ်မည်ဖြစ်သည်။
M.A.အတွက် စလောလာရှစ်အဆင့် (၃)မျိုး
(၁) International Scholarship
(၂) Tuition Scholarship
(၃) Thesis Scholarship
သာသနာ့နွယ်ဝင်(သီလရှင်၊ ရဟန်းတော်) ကို ဦးစားပေးရွေးချယ်ပါသည်။
(၁) International Scholarship - ပထမတန်းစာ ပညာသင်ဆု (ခံစားခွင့် ဘတ်၂၀၀.၀၀၀)
ကျောင်းဖီအခမဲ့ အပြင် ရေ ၊ မီး ၊ စာရေးကိရိယာတန်ဖိုးများကို ကျောင်းသို့ မိမိသုံးစွဲသည့် ဘောင်ချာများကို သက်သေတင်ပြ၍ ထုတ်ယူနိုင်ပါသည်။ တစ်လလျှင်ပျမ်းမျှ( ဘတ် ၆၀၀၀ -၈၀၀၀ ကြား)။ ယခုဒေါ်လာ ပေါက်ဈေး ယူအစ်၁-ဒေါ်လာမှာ ထိုင်းဘတ် (၃၃) ဘတ်ဖြစ်သည်။ ကျောင်းဝင်ကြေး ဘတ် ၁၆၀၀၀ ခန့်ကို ကျောင်းသားတိုင်း ဇွန်လကျောင်းဖွင့်ချိန်တွင် မည်သူမဆိုပေးသွင်းရမည်ဖြစ်ပါသည်။ စလောလာရှစ်အား လုံးသည် ပထမခြောက်လပတ်ဖြေပြီးခဲ့တဲ့ (GPA)ရလဒ်ပေါ်တွင်မူတည်၍ ဒုတိယ ခြောက်လပတ်မှ စတင် ခံစားခွင့် ရရှိမည်ဖြစ်သည်။
GPA ရလဒ်ပုံစံပြဇယား
(၁) A ---- Excellent ---------- 4.00
(၂) A- ---- Very Good -------3.67
(၃) B+ -------Good ----------- 3.33
----------------------------------------------
(၄) B ---------Pass ------------ 3.00
(၅) F -------------Fail -------------0
၁ မှ ၃ အထိသည် စကောလာရှစ်အတွက် မျှော်မှန်းလို့တော့ရနေပါပြီ။အမှတ်စဉ် (၁) (၂) အဆင့် ရရှိသူများသည် ဒုတိယခြောက်ပတ်မှ စတင်၍ International Scholarship အင်တာနေရှင်နယ် ပထမတန်း ပညာသင်ဆုအတွက် လျှောက်ထား နိုင်ပါသည်။
(၂ )Tuition Scholarship - ဒုတိယတန်းစား ပညာသင်ဆု (ခံစားခွင့် ဘတ် ၅၄.၀၀၀) ပထမ ခြောက်လပတ်ဖြေပြီး၍ GPA 3.33 အမှတ်ရရှိသူများသည် ဒုတိယခြောက်လပတ်မှစတင်၍ ကျောင်းကြေး အခမဲ့ခံစားခွင့်ရှိသည်။ သို့သော် ကျောင်းမှရေ၊ မီး ၊ အထွေထွေစာရေးကိရိယာအသုံးစရိုက်အတွက် ခံစား ခွင်လျှောက်ထားလို့ မရပေ။
GPA 3.33 အောက်ရရှိသူများနှင့် ကျဆုံးများသည် ကျသည့်ဘာသာအတွက် Creditပေါ်မူတည်၍ ကျောင်းကြေးပေးသွင်းရမည်။ သာသာနာ့နွယ်ဝင်များအတွက် အောင်မှတ် 3.00 သာပုံမှန်ရရှိနေလျင် ကျောင်းကြေးထပ်မသွင်းရအောင် အကြောင်းပြစာ(Request Form) တင်ပြနိုင်ခွင့်ရှိပါသည်။
(၃) Thesis Scholarship - တတိယတန်းစား ပညာသင်ဆု (ခံစားခွင့် ဘတ် ၂၅.၀၀၀)
ကတော့ ဘာသာရပ်အားလုံးကို ခြောက်လပတ်လေးပတ်(Two Year Courses) အတွင်း အဆင့် 3.33 အောက်အကျမရှိဘဲ သင်ယူသူဖြစ်လျင် ခံစားခွင့်ရှိတော့သည်သာ။
ဘီအေ( B.A ) အင်္ဂလိပ်ဘာသာ အတန်းတွင် semester ၁-ခုတွင် ထိုင်းဘတ်ငွေ ၈၀၀၀
ထောင်ခန့် ပေးသွင်းရသည်။ တစ်နှစ်လျင် စုစုပေါင်း ၁၆၀၀၀သင်တန်းကြေးပေးကြရမည်ဖြစ်မည်။ ထိုင်းဘာသာဖြင့်တက်ရောက်လေ့လာသူအဖို့ကားတစ်နှစ်လျင် ၅၀၀၀ ဘတ်မျှသာကုန်ကျမည်ဖြစ်သည်။ ဘီအေတန်းတွင်စကောလားရှစ်မရှိပါ။
လျှောက်ထားလို့သူများအတွက် လိုအပ်ချက် (Requirements)
ဒေါက်တာ Ph.D အတွက် M.A ဘွဲ့လက်မှတ်၊အမှတ်စာရင်း၊ ပညာရေးထောက်ခံစာ၊ကိုယ်ရေးအကျဉ်း
( ပညာရေးအတွေ့အကြုံပါဝင်စေ).အမ်အေ ( M.A) အတွက်ဘီအေ(B.A) ၊ ဘီအက်စီ(B.Sc) ဘွဲ့လက်မှတ် တစ်ခုခု၊ ပူးတွဲအမှတ်စာရင်း၊ပညာရေးထောက်ခံစာ ၊ ပါတ်စပိုစ် ကိုယ်ရေးပါတဲ့မျက်နှာ၊ ခြောက်လအတွင်း ရိုက်ထားတဲ့ ပါတ်စပို့ဆိုဒ် တစ်ပိုင်းပုံ နှစ်ပုံ၊ မြန်မာပြည်မှ ရဟန်းတော်များ အထူးသတိပြုရန်မှာ-
ပရိယတ္တိ သာသနာ့တက္ကသိုလ်များမှ ဘွဲ့လက်မှတ်အတွက် နိုထရီပြန်စရာမလို၊ အမှတ်စာရင်းသာ တောင်းယူလာရမည်။ အစိုးရဓမ္မာစရိယဘွဲ့လက်မှတ်အတွက် နိုထရီပြန်ရမယ်။ အမှတ်စာရင်း တောင်းလာရ မည်။ ပညာရေးထောက်ခံချက်မှန်ကန်ကြောင်းစာကို ၀င်ခွင့်လျှောက်လွှာတွင်တစ်ပါတည်းပါရှိသည်။
အဓိကမှာချင်တာကတော့အင်္ဂလိပ်စာကောင်းကောင်းမိမိနှင့်တစ်ပါးပါလာဖို့လိုပါသည်။
ဘီအေ (B.A)အတွက် -ဆယ်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ ပါတ်စပိုစ် ကိုယ်ရေးပါမျက် နှာစာ၊ခြောက်လအောက်သက်တမ်းရှိ ပါတ်စပို့ဓာတ်ပုံ နှစ်ပုံ၊ ရဟန်းတော်များအတွက် ပထမကြီးတန်း အောင်လက်မှတ်၊ အမှတ်စာရင်း၊ (နိုထရီးပြန်ထားပါ)။ ခွင့်စာမေးပွဲစာမေးပွဲပုံစံ ( ၂) မျိုးရှိသည်။
ပုံစံ(၁) အင်္ဂလိပ်စကားမပြောသောနိုင်ငံများမှ ကျောင်းသားများအတွက်-
၁။ အထွေထွေအင်္ဂလိပ်စာ (General English )
၂။ အင်္ဂလိပ်ဘာသာရပ် ( English )
၃။ သုတအထွေထွေ ဗုဒ္ဓဘာသာအမေးအဖြေ (General Background of Buddhism)
ပုံစံ (၂) အင်္ဂလိပ်စကားပြောနိုင်ငံများမှ ကျောင်းသားများးအတွက်-
၁။ သုတအထွေထွေ ဗုဒ္ဓဘာသာအမေးအဖြေ (General Background of Buddhism)
မိမိနေထိုင်ရာ နိုင်ငံကနေ လျှောက်လွှာရှင်များအတွက်- တက္ကသိုလ်သို့ ၀င်ခွင့်လျှောက်လွှာများကို မိမိ သူငယ်ချင်းမှတစ်ဆင့်ဖြစ်စေ၊ ကိုယ်တိုင်စာတိုက်ကဖြစ်စေပေးပို့နိုင်ပါသည်။ အချက်အလက်ပြည့်စုံ၍ လက်ခံသူများဆီသို့ စာတိုက်မှ တစ်ဆင့်ဖြစ်စေ။ မိမိသူငယ်ချင်းမှဖြစ်စေ တက္ကသိုလ်က လက်ခံကျောင်း စာပေးပို့ပါသည်။လက်ခံစာကို ထိုင်းသံရုံးကို ပြ၍ ကျောင်းသားဗီဇာအတွက် လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
(သံရုံးက ခရီးသွားဗီဇာပေးလိုက်လျင်တော့ ထိုင်းနိုင်ငံမှ ပြင်ပတစ်နိုင်ငံကိုထွက်၍ကျောင်းသားဗီဇာပြန် လျှောက်ထားရမည်)။
ထိုင်းနိုင်ငံတွင်နေသူများအတွက်-၀င်ခွင့်လျှောက်လွှာပုံစံကို ဖြည့်စွက်၍ အောက်ပါလိပ်စာအတိုင်း လည်းပဲပေးပို့လျှောက်ထားနိုင်ပါသည်။
International M.A Programme Office
Room No.306, MCU ,
Wat Mahathat, Tha Phrachan
Bangkok 10200. Thailand
Tel/ Fax -02225-8686, Ext.137
ပြည်ပတွင်နေထိုင်သူများအတွက်
၁။ ဖြည့်စွက်ထားသော လျှောက်လွှာပုံစံများကို မူရင်း ဘွဲ့လက်မှတ်ပါတစ်ပါးတည်းယူလာ၍ ကော်ပီ ဘွဲ့လက်မှတ်အထောက်အထား၊အမှတ်စာရင်း၊ ပါတ်စပို့စ် မိတ္တူ၊ခြောက်လအတွင်းပါတ်စပို့စ် (၂ )ပုံ မိမိနေထိုင်ရာနိုင်ငံရှိထိုင်းသံရုံးတွင်လျှောက်လွှာတင်ပါ။
ပညာရေးထောက်ခံချက်စာနှစ်စောင်နှင့်ပတ်သက်၍ သိလိုသူများလည်း ရှိပေလိမ့်မည်။ ၀င်ခွင့် လျှောက်လွှာပုံစံတွင် အချပ်ပိုစာရွက်နှစ်ရွက်ပါရှိပြီးဖြစ်သည်။ ပညာရေးထောက်ခံစာရေးပေးသည့် ပညာ ရေးနယ်ပယ်မှကျွမ်းကျင်သူနှစ်ဦးရဲ့လက်မှတ်ပါလျှင် ပြည့်စုံတော့သည်သာ။
နေထိုင်ရေးအတွက် နေရာကတော့ အခက်အခက်ဆုံးပင်ဖြစ်ပါသည်။ တက္ကသိုလ်က နေထိုင်ဖို့ တာဝန်လုံးဝမယူပါ။ အချို့သောသူများက လက်တွေ့အမြင်ဖြင့်( ဒိဋ္ဌေန ၀ါ)မဟုတ်ဘဲ အကြားဖြင့်သာ
(သုတေန ၀ါ) လာရောက်ကြသည့်အတွက် များစွားငွေကြေးများ ဆုံးပါးနစ်နာမှုရှိကြပါသည်။ ဆောက်လက်စ ကျောင်းအသစ်တွင်လည်းအားလုံးပြီးစီချင်းမရှိသေးသည့်အတွက် နေထိုင်စရာကိုတော့ ရဟန်းတော်များကိုယ်တိုင်ရှာရသည့်တွက် အလွန်ဒုက္ခရောက်ရပေသည်။ ပညာရေးထက် နေရေးခက်၏
ဟုဆိုရမလိုဖြစ်နေပါတော့သည်။အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ တက္ကသိုလ် ၀က်ဆိုဒ် တွင်ဖြစ်စေ၊ ဤကျောင်းသားဘလော့တွင်ဖြစ်စေ မေးမြန်းစုံးစမ်းနိုင်ပါသည်။
ကိုးကားချက်။
HANDBOOK (IMAP)
http://www.mcu.ac.th/En/index.php
http://inter.mcu.ac.th/En/major/major_index.php__
(ခွန်သောမတ်စ် (2, 21, 2010))
Tuesday, February 7, 2012
“ Never lose the Vision of Reality ”
Good afternoon Ladies and gentlemen. My topic today is “ Never lose the Vision of Reality. ” Talking about dreams and future, I would say, dreams should never be too far away from reality. Detaching from reality, lacking solid or practical actions, any future plan or dream project will be nothing short of daydreaming, or, at most, well-intentioned thinking.
Here I am reminded the year of 2000, when 191 member states of the United Nations held a World Summit Conference, which made a declaration known as the Millennium Development Goals. The goals of 2015, which every member state pledged to meet, were such as, elimination of hunger and poverty, drastic reduction in child mortality rates, reversing a spread of AIDS and other deady disease,etc. Now, six years later, almost half way to the final year of 2015, do we see any signs of realizing these goals? Today, half the world – about three billion people, still live under two U.S. dollars a day; about 250 million children have no access to safe water, 11 million children die before they reach the age of five each year. Do we come to harness the spread of AIDS ? The answer is also “ No ” – and indeed AIDS is spreading faster and wider than ever before.
What is even worse, with the make of the Lraqi War, the nuclear crisis in Lran and unsetled sitations in many places, the visions of us young people today are aften limited-but the limited vision( that) we do have and care about every day cnnot change the conviction that this world does not seem to promise a very bright future before us. Who is to blame for all this? Of courese we can blame governments: - how they…disappointing they all seem to be: in one moment they are pleding to build a better future for us, and the other moment they’re igniting wars, killing more innocent people.
But don’t you think we ordinary folks should also take some responsibilities for, say, elimination of hunger and poverty? When we are quickly rushing to schools, works, or places of entertainment, how many times do we stop just to hand over some food to the deprived on the streets? When we are reading newspaper, browsing for news about what is going on in this world, how often do we stop to think about actual ways that we can do to help the people who’re suffering from various disastrous situations? In fact, how much have we done to help the people who are in need just around us?
Dreams are cartainly beautiful and indispensable in our life, for they give us inspiration and motivation. Future plans are cartainly necessary, for they provide us with goals and guides. But what is most beautiful…..and … important is an action an a day-to-day busis. In order to realize our dreams or make our future goals realized, we need to put our words into deeds and base our vision on reality. In other words, while human beings should be, first and foremost, idealists and thinker, we should also be, and all the more, realists and practical doers.Thank you.
(ကျောင်းသားတစ်ယောက်)

အိပ်မက်ဦး၌ရူးသွပ်ခြင်း
စိတ်ကူးယဉ်ထဲကလို
ကွန်ပျူတာကိုထမ်းပြီး
ခရီးကြမ်းနှင်လိုက်ချင်ရဲ့
အဲဒီအခါ ရာဇ၀င်အဟောင်းတွေလည်း
သူလမ်းကြောင်မှာသူနေ
ရာစုသစ်အတွေးတွေလည်း
သူ့စကေးနှင့်သူလာ
အင်တာနက်ထဲမှာ ဒေသနာတွေထည့်ပြီး
ပစာကို ဒေတာနှင့်ပို့ကြမယ်လေ။
တို့တစ်တွေလည်း ငါးပိရည်နှင့်
ဟန်ဘာဂါ ပီဇာနှင့်ကန်စွန်းဥ
ဖတ်စ်ဖုထ်(fast food) ကိုယာဂုနှင့်သောက်
ကောက်ညှင်းပေါင်းနှင့်
ဆင်းဒ၀စ်ခ်ျ(sandwich)ကိုလွေးပြီး
ဇရပ်အိုရဲ့နံဘေးမှာ
ကွန်တာကိုဆိုလာနှင့်ချိတ်ဆွဲ
ဝဘ်ဆိုဒ်ထဲဝင်ကြမယ် ကဲ…..
စိတ်ကူးထဲကလို ကွန်တာကိုထမ်း ခရီးကြမ်းအပြင်းနှင်
ရိုင်းတယ်ထင်ရင် နေရစ်
မင်းနှစ်သက်ရင်ပေါ့
လက်ပ်တော့ကိုချိုင်းမှာညှပ်
လာ…. ကမ္ဘာပတ်ကြမယ်
(လင်္ကာကျောင်းသား)

စိတ်ဖတ်စာ
အသွင်သဏ္ဌာန်ဆိုတာ အစိုင်အခဲလေ
အတွေးပညာမှာ ကိုင်တွယ်ခြင်းဆိုတာ မရှိ
သိကြောင်းဓမ္မဟာ သိခြင်းတရားရဲ့ မိတ်ဆွေ ....
အမှန်တရားဆိုတာ…ထိတွေ့လို့မရတဲ့
အကောင်အထည်တစ်ခု ကိုင်တွယ်လို့မရတဲ့ ဒြပ်ထည်တစ်ခု
“ ငါ ’’ လို့ သုံးစွဲလို့မရလောက်အောင်
“ သူ၊ ယောင်္ကျား၊ မိန်းမ ’’ စသည်နဲ့ သုံးစွဲလို့ မရလောက်အောင်
အမှန်တရားကပြေးလွှားနေတယ်။
ဖမ်းနှောင်ထောက်ပြလို့မရ
သက်ရှိတွေထဲက ဗဟိုဥာဏ်သမားတွေသာသိတဲ့
သက်မဲ့အမှန်တရား။
အာရုံငါးပါးနဲ့ ထိတွေ့လို့မရတဲ့ အာရုံငါးပါးထဲက
ပြေးလွှားမှုဖြစ်စဉ်ဟာ အမှန်တရားပေါ့ ။
တည်ငြိမ်နေတဲ့ အရာအားလုံးပြေးလွှားနေတယ်
ပြေးလွှားနေတဲ့ အရာအားလုံး မတည်ငြိမ်
မတည်ငြိမ်တာကို လိုက်သိနေမှပြေးလွှားမှုကိုသိမယ်....။
ပြေးလွှားနေတာကို ပြေးမကြည့်ပါနဲ့
ရောက်နေတဲ့နေရာက ဥာဏ်စိုက်ပြီးကြည့်ပါ…။
တည်ငြိမ်မှုကို ဆုပ်ကိုင်ထားပါ
တည်ငြိမ်လာရင်……
တည်ငြိမ်လာရင် ……
ဖမ်းကိုင်လို့မရတဲ့ ပြေးလွှားမှုဖြစ်စဉ်ကိုတွေ့မယ်
ပြေးလွှားမှုဖြစ်စဉ်ကပြေးလွှားနေမယ်
ဆဋ္ဌမအာရုံက တည်ငြိမ်နေမယ်
အဲဒီအချိန်မှာ……
အမှန်တရားက ပြုံး ရပ် ပျောက်သွားလိမ့်မယ်။
သေခြင်းတရားသည် ရှင်ခြင်းတရားရဲ့အစ
ရှင်သန်ခြင်းသည် သေခြင်းတရားရဲ့တံခါးဝ
အမည်နာမ တံခါးဝမှာ ထိုင်ပါ
အကောင်အထည် မရှိသူများ မမြင်နိုင်သူများ ၀င်သွား ထွက်လာရှိနေမည်
အကောင်အထည်မရှိခြင်း မုခ်ဝမှာ
ဒြပ်မဲ့အကောင်များကို ခွစီးလိုက်ပါသွားပါ။
လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို နားစွင့်ပါ
ဌာနမရှိတဲ့နေရာကို ဌာနလို့ သတ်မှတ်ပါ။
မတ်တတ်ရပ်သူလည်း ပြေးလွှားနေတယ်
ထိုင်နေသူလည်း ပြေးလွှားနေတယ်
မင်းလည်း ပြေးလွှားနေတယ်
ငါလည်း ပြေးလွှားနေတယ်
သက်ရှိ သက်မဲ့ အကုန်လုံး ပြေးလွှားနေတယ်
ပြေးလွှားနေတာကို သိရင် ရပ်တန့်သွားလိမ့်မယ်
ဘယ်နေရာမှာရပ်မှာလဲ မမေးပါနဲ့
ရပ်စရာမရှိတဲ့နေရာမှာ ရပ်တန့်သွားလိမ့်မယ်။
(ဒီကောင်းကင်)

ဗုဒ္ဓခေတ် ဗြဟ္မဏနှင့် ခတ္တိတို့၏ လူမှုဆက်ဆံရေးနှင့် အိမ်ထောင်ရေးသုံးသပ်ချက်
ဗုဒ္ဓခေတ်တွင် အိန္ဒိယပြည်၌ အရောင်အဆင်းလေးပါးကို အကြောင်းပြုပြီး အမျိုးလေးပါးကွဲပြားခဲ့၏။ မဟာဗြဟ္မာ၏ ခံတွင်းမှ ဖွားမြင်သော ဗြဟ္မဏမျိုး၊ မဟာဗြဟ္မာ၏ လက်ရုံးမှ ဖွားမြင်သော ခတ္တိယမျိုး၊ မဟာဗြဟ္မာ၏ ခြေနှစ်ချောင်(ပေါင်)မှ ဖွားမြင်သော ဝေဿမျိုးနှင့် မဟာဗြဟ္မာ၏ ခြေဖ၀ါးနှစ်ဘက်မှ ဖွားမြင်သော သုဒ္ဒမျိုးတို့ဟူ၍ ဖြစ်ကြ၏။
ဗြဟ္မဏမျိုးသည် ဝေဒကျမ်းဂန်သင်ယူမှု၊ ယာဇ်ပူဇော်မှုတာဝန်များကို ဆောင်ရွက်ရသည်။ ခတ္တိယမျိုးသည် တိုင်ပြည်အုပ်ချုပ်မှု၊ စစ်တိုက်မှုတို့ကို တာဝန်ယူဆောင်ရွက်၏။ ဝေဿမျိုးသည် လယ်ယာကုန်ထုပ်လုပ်မှု၊ ကူးသန်း ရောင်ဝယ်မှု လုပ်ငန်းများကို တာဝန်ယူရ၏။ သုဒ္ဒမျိုးသည် လယ်သမား၊ ပန်းရံ၊ အမိုက်သွန် စသော နှိမ့်ကြသည့် လုပ်ငန်းများကို အခိုင်းအစေဘ၀ဖြင့် လုပ်ကိုင်ရသည်။ ဤသို့ အမျိုးလေးပါးတို့ တာဝန်ကိုယ်စီ ခွဲထားကြ၏။ ယင်းကဲ့သို့ ခွဲထားသပ်မှတ်ခြင်းကပင် ဗုဒ္ဓခေတ် အိန္ဒိယပြည်၌ လူတန်းစားကွာဟမှုကို ပို၍ကြီးထွားစေ၏။
ထိုတွင် ဗြဟ္မဏနှင့် ခတ္တိယတို့၏ အကြားဝယ် အားပြိုင်မှုများရှိနေသည်ကိုလည်း တွေ့ရသည်။ ဗြဟ္မဏ တို့သည် ပညာမာန်ကြီးသည်။ အခြားအမျိုးများမှာ သူတို့လောက် မတတ် မသိဟု ယူဆထား၏။ ခတ္တိယ အပါအ၀င် အခြားမျိုးနွယ်များအားလုံးရဲ့ လေးစားမှုကို ခံယူလိုသည်။ ထိုအချက်ကို အမ္ဗဋ္ဌ၏ ဗုဒ္ဓအပေါ် ဆက်ဆံပုံကို ကြည့်ကာ သိနိုင်သည်။ အမ္ဗဋ္ဌမည်သော ပုဏ္ဏားငယ်သည် ၎င်းအား နှုတ်မဆက် နေရာထိုင် ခင်းမပေခဲ့သော သာကီဝင်မင်းသားတို့ကို အကြောင်းပြုကာ သာကီမင်းမျိုးဖြစ်သော ဗုဒ္ဓဘုရားရှင်ကိုပင် မလေးစားသော ဣရိယာပုတ်ဖြင့် စကားအချေအတင် ငြင်းခုံပြောဆိုခဲ့၏။ သာကီဝင်မင်းမျိုးကို “ စဏ္ဍာ ဘော ဂေါတမ သကျဇာတိ ” စသောကြမ်းတမ်းသော စကားတို့ဖြင့် မြတ်ဗုဒ္ဗအား စွတ်စွဲကဲ့ရဲ့ခဲ့၏။ ဗြဟ္မဏတို့အား မရိုသေမှု ပူဇော်မှု မပြုခြင်းတို့ကို သင့်လျှော်သည့် အပြုအမှုမဟုတ်ကြောင်း စွတ်စွဲပြောဆိုခဲ့၏။ “အညဒတ္ထု ဗြဟ္မေဿဝ ပရိစာရကာ သမ္ပဇ္ဇန္တိ” ဟုတစ်ဘက်သတ်ယူဆကာ မောက်မောက်မာမာ ဆက်ဆံခဲ့၏။ ဘာမဟုတ်သည့် ကောသလတိုင်း၏ လက်အောက်ခံဖြစ်သော သာကိယတိုင်းက ၎င်းအား အရေးမထားခဲ့ခြင်အပေါ် မကျေမနပ်ဖြစ်ကာ အငြိုးထား ဆက်ဆံခဲ့၏။ သို့သော် ဗြဟ္မဏတို့သည် ပညာရှင်များကို လက်ခံတွေ့ဆုံလိုစိတ်ရှိသည်။ ထို့ကြောင့်သာ ပေါက္ခရသာတိ ပုဏ္ဏားကြီး ဘုရားရှင်အား ဖူးတွေ့လိုခြင်းဖြစ်ပေသည်။
ခတ္တိယနှင့် ဗြဟ္မဏတို့ အားပြိုင်နေကြသော်လည်း ခတ္တိယတို့သည် တိုင်းရေးပြည်ရေးများကို ဗြဟ္မဏတို့နှင့်တိုင်ပင်လေ့ရှိကြသည်ကိုလည်း တွေ့ရသည်။ အပြန်အလှန်မှီတင် နေကြခြင်းသဘောဖြစ်၏။ ထို့ကြောင့် ခတ္တိယတို့က ဗြဟ္မဏတို့အား မြို့ရွာများကို အပိုင်စားပေးထားခြင်းဖြစ်သည်။ ကောသလတိုင်း၏ ပြည့်ရှင်ဘုရင် ပသေနဒိကောသလမင်းသည်လည်း ပေါက္ခရသာတိ ပုဏ္ဏားကြီးနှင့် တိုင်ပင်လေ့ရှိ၏။ ၎င်းအားလည်း ဥက္ကဋ္ဌ မည်သောမြို့ကို အပိုင်းစားပေးထားလေသည်။ ထိုသို့ မြို့ကိုပေးကာ တိုင်ပြည်၏ကိစ္စများကို တိုင်ပင်လေ့ရှိသော်လည်း ကောသလဘုရင်သည် ပေါက္ခရသာတိပုဏ္ဏားကြီးအား ကန့်လန့်ကာချ၍သာ စကားပြောဆို လေ့ရှိသည်။ မျက်နှာချင်း ဆိုင်ခွင့် လုံးဝမပေးပေ။ ဤသည်မှာ ဗြဟ္မဏနှင့် ခတ္တိယတို့၏ လူတန်းစားကွာဟမှုဆိုင်ရာ လူမှုဆက်ဆံရေး ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေသည်။
ထို့ပြင် ခတ္တိယနှင့် ဗြဟ္မဏတို့၏ အိမ်ထောင်ရေးတွင်လည်း ကွဲပြားသည့် အခွင့်အရေးများ ရှိကြပါသည်။ ခတ္တိယအမျိုးသားနှင့် ဗြဟ္မဏအမျိုးသမီးတို့ ပေါင်းဆုံးခြင်းကြောင့်ရအပ်သည့်သားသည် ပုဏ္ဏားတို့၏ အလည်၌ နေရာဦး သောက်ရေဦးကို ရနိုင်ခြင်း၊ သေသူကို ရည်စူး၍ပြုသောထမင်း၊ မင်္ဂလာအစရှိသည်တို့အလို့ဌာ အိုးဖြင့်ချက်အပ်သောထမင်း၊ ယာဇ်ပူဇော်သော ထမင်း၊ ဧည့်သည်တို့၏ အလို့ဌာ ချက်အပ်သော ထမင်းဦးတို့ကို ကျွေးခွင့်ရခြင်း(စားခွင့်ရခြင်း)၊ ဗြဟ္မဏတို့က ဗေဒင်မန္တန်တို့ကို သင်ပြပေးကြခြင်း၊ ထို့ပြင် ခတ္တိယပုတ္တအား သမီးထိမ်းမြား ပေးခြင်းကိုလည်း ဗြဟ္မဏတို့ မတားမြစ်ခြင်း ဟူသော အခွင့်အရေးတို့ရပါသည်။ သို့သော် ခတ္တိယတို့သည် ထိုခတ္တိယပုတ္တအား မင်း၏အဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းခွင့်ကိုမူ အမိ၏ မင်းမျိုး မဟုတ် ခြင်းကြောင့် မရရှိနိုင်ပေ။
တစ်ဖန် ဗြဟ္မဏအမျိုးသားနှင့် ခတ္တိယအမျိုးသမီးတို့ ပေါင်းဆုံခြင်းကြောင့်ရအပ်သည့်သားသည် နေရာဦး၊ သောက်ရေဦးကို ရနိုင်ခြင်း-(ပေ)-အဖ၏မင်းမျိုးမဟုတ်သောကြောင့် မရရှိနိုင်ပါ။ ဤသို့ဖြင့် ခေတ္တိယနှင့် ဗြဟ္မဏတို့ မိန်းမချင်း ယောက်ျားချင်း နိုင်းယှဉ်မှုကိုပြုရာ၌ အိမ်ထောင်ရေးဆိုင်ရာ မတူညီသော အခွင့်အရေးများကို တွေ့ရလေသည်။
ပုဏ္ဏားတို့သည် ပုဏ္ဏားတစ်ယောက်ကို တစ်စုံတစ်ခုသော အပြစ်ကြောင့် ခေါင်းရိပ်၍ ပြာဆုပ်ဖြင့် ဦးခေါင်းပေါ်၌ကြဲကာ တိုင်းပြည်မြို့ရွာတို့မှ နင်ထုတခြင်းခံရသူအား ဗြဟ္မဏတို့၏အလည်၌ နေရာဦး သောက်ရေဦး များကိုမရနိုင်။ သေသူကို ရည်စူး၍ပြုသောထမင်း-(ပေ)-ကျွေးခွင့်မရနိုင်(စားခွင့်မရနိုင်)။ ပုဏ္ဏားတို့ကလည်း ဗေဒင်မန္တန်များကို သင်ပြမပေးကြပေ။ ထို့ပြင် ထိုပုဏ္ဏားအား သမီးထိမ်းမြားပေးခြင်းကိုလည်း ပိတ်ပင်တား မြစ်ကြပါသေးသည်။
ခတ္တိယတို့သည် ခတ္တိယတစ်ယောက်ကို တစ်စုံတစ်ခုသော အပြစ်ကြောင့် ခေါင်းရိပ်၍ ပြာဆုပ်ဖြင့် ဦးခေါင်းပေါ်၌ကြဲကာ တိုင်းပြည်မြို့ရွာတို့မှ နှင်ထုတ်ခြင်းခံရသူအား ဗြဟ္မဏတို့၏အလည်၌ နေရာဦး သောက်ရေဦး များကိုရနိုင်၏။ သေသူကို ရည်စူး၍ပြုသောထမင်း-(ပေ)-ကျွေးခွင့်ရနိုင်၏။(စားခွင့်ရ၏)၊ ပုဏ္ဏားတို့ကလည်း ဗေဒင်မန္တန်များကို သင်ပြပေးကြ၏။ ထိုပြင် ထိုခတ္တိယမင်းသားအား သမီးထိမ်းမြားပေးခြင်းကိုလည်း မပိတ်ပင် မတား မြစ်ကြပေ။
ဤကဲ့သို့ ခတ္တိယနှင့်ဗြဟ္မဏတို့ တိုင်ပြည်မြို့ရွာတို့မှ နှင်းထုတ်ခြင်းဖြင့် အလွန်ယုတ်ညံ့သည့် အဖြစ်သို့ ရောက်သွားပုံတူသော်လည်း အခွင့်အရေးရရှိမှု မတူညီသည်တို့ကို ပြဆိုထားသည်မှာ ဗြဟ္မဏနှင့်ခတ္တိယတို့အကြား အိမ်ထောင်ရေးဆိုင်ရာ ရရှိသည့်အခွင့်အရေးများ ကွဲပြားမှုရှိကြောင်း လေ့လာသိရှိရပေသည်။

အရဟံဇယံ ဂါထာတော်
ရဟန္တာဟုထင်ရှားသည့် ၀ါးချက်မင်းကျောင်းဆရာတော်နှင့် ရသေ့ကြီး ဦးခန္တီတို့ ရွတ်ဖတ်ပူဇော်ခဲ့သော
အရဟံဇယံ ဂါထာတော်
အရဟံ ဗဟိအန္တဇယံ သုဂတံ၊ အမိတံ ၀ိရဇံ လလိတံ အတုလံ။
စရဏံ တိဘ၀ူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။
……………………………………………………………………………………………………………………………………
အရဟံ-လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော၊ အရဟံ-လူ၊ နတ်၊ ဗြဟ္မာသတ္တ၀ါတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော၊ အရဟံ-မကောင်းမှုအကုသိုလ်ပြုရန် ဆိတ်ကွယ်သော နေရာရှိတော်မမူထသော၊ ဗဟိအန္တဇယံ-အတွင်းရန် အပြင်ရန် ယင်းနှစ်တန်ကို တွန်းလှန်ဖြိုဖျက် အောင်ပွဲဆက်တော်မူပြီးထသော၊ သုဂတံ-ကောင်းသောစကား ကိုသာ ဆိုတော်မူတတ်ပါပေထသော၊ သုဂတံ-ကောင်းသောနိဗ္ဗာန်ချမ်းသာသို့ ကြွသွားတော်မူပြီးထသော၊ အမိတံ-မနှိုင်းယှဉ်အပ်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူပါပေထသော၊ ၀ိရဇံ-ကိလေသာမြူမွေး အညစ်အကြေးတို့မှ ကင်းဝေးတော်မူပါပေထသော၊ လလိတံ- ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစမ္ပါယ် တင့်တယ်တော်မူပါပေထသော၊ အတုလံ-သီလစသောဂုဏ်တော်တို့ကြောင့် ပြိုင်ဘက် ရည်တူ ရှိတော်မမူထသော၊ စရဏံ-နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်နှင့် ပြည့်စုံတော် မူပါပေထသော၊ တိဘ၀ူပသမံ-ဘ၀သုံးပါး ဘုံသုံးပါးတို့၌ ကိလေသာအပူမီးတို့ကို ငြိမ်းအေးတော်မူပြီး ထသော၊ ယမကံ-ရေ၊ မီးအစုံအစုံ တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ပါပေထသော၊ သုခဒံ-လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတော်မြတ်တို့ကို ပေးစွမ်းတော်မူနိုင်ပါပေထသော၊ သရဏံ-လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ သတ္တ၀ါဝေနေ များဗိုလ်ခြေတို့၏ အားထားကိုးကွယ်ရာအစစ် ဧကန်ဖြစ်တော်မူသော၊ ဇိနံ-ငါးမာရ်အောင်မြင် သဗ္ဗညုတဘုရားရှင်ကို၊ အဟံ-တပည့်တော်သည်၊ ပဏမာမိ-ကိုယ်၊ နှုတ်၊ နှလုံးသုံးပါး လုံးဖြင့် ကိုင်းညွှတ်ရိုကျိုး လက်စုံမိုးလျှက် ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။
---------------------------------------------
အရဟံဇယံဂါထာတော်ကို ရွတ်ဖတ်ပွားများသူများ
အရဟံဇယံဂါထာတော်ကို သီကုံးဖွဲ့ဆိုထားသည်မှာ ဆန်းဂိုဏ်းအားဖြင့် တစ်ဂါထားလုံးအား တစ်ဂိုဏ်းတည်းဖြင့် သီကုံးထားသည်။ ဘုရားရှင်၏ ဂုဏ်တော်များဖြင့် သီကုံးထားသည်။ အရဟံဇယံဂါထာတော်ကို မြန်မာနိုင်ငံ အင်္ဂလိပ်ခေတ် သာသနာပြုရသေ့ကြီး ဦးခန္တီနှင့် ၀ါးချက်မင်းကျောင်းဆရာတော်တို့ ရွတ်ဖတ်ပူဇော်တော်မူခဲ့ကြသည်။
ရသေ့ကြီးသည် ဂါထာတော်ကို ရွတ်ဖတ်ပြီး အဓိဌာန်ပုတီးစိပ်လေ့ရှိသည်။ အဓိဌာန်ပုတီးစိပ်ပြီးတိုင်း ၀တ်ဖြူစင်ကြယ်နှင့် သူတော်စင်တစ်ဦးသည် ရသေ့ကြီး၏လိုအပ်ချက်များကို ဖြည့်ဆည်းပေရန် သိန်းပေါင်းများစွာ ပါဝင်သည့်ငွေထုပ်ကို လာရောက် လှူဒါန်းလေ့ရှိသည်ဟုဆိုကြသည်။ အင်္ဂလိပ် အရေးပိုင်မင်းသည် ရသေ့ကြီး၏ သာသနာပြုသော ငွေပမာဏကိုမြင်ကာ ``ဒီလို ရသေ့တစ်ပါက ဒီလောက်ငွေတွေ ဘယ်ကရမှာလည်း ´´ ဟုသံသယ၀င်ကာ ထောက်လှမ်းရေးသမားများကို စေလွတ်ခဲ့ဘူး၏။ ရသေ့ကြီး၏ ဖြူစင်မှု့ကို တွေ့မြင်ရသောအခါမှသာလျှင် ယုံကြည်သွားခဲ့သည်ဟုဆိုသည်။
တစ်နေ့သော် ရသေ့ကြီးသည် သီလအကျင့်မြတ်တို့နှင့် ပြည့်စုံသော ၀ါးချက်မင်းကြောင်းဆရာတော်အား ဖူးမြင်လိုစိတ်ပြင်းပြခဲ့၏။ သည့်အတွက် ဆရာတော်ကြီးအား သွားရောက်ဖူးမြင်ခဲ့၏။ ထိုအခါ ဆရာတော်ကြီးမှ ``ရသေ့ကြီး ဦးခန္တီ ဆိုတာ ငါ့ရှင်လား၊ ငါ့ရှင်ကို တွေ့ချင်နေတာ´´ ဟုနှုတ်ခွန်းဆက်စကားဆိုတော်မူ၏။ ``ငါ့ရှင် နာမည်ကြီးတယ်လို့ ကြားတယ်၊ ငါ့ရှင်၏အစွမ်းကို ပြစေ ချင်တယ်´´ဟုဆရာတော်ကြီးမှ ဆက်လက်မိန့်ကြားခဲ့သည်။ ထိုအခါ ရသေ့ကြီးမှ `` အရှင်ဘုရား၊ တစ်နာရီခန့် ခေတ္တစောင့်တော် မူပါဘုရား ´´ ဟုလျှောက်ထားကာ ပုတီးစိပ်လေတော့သည်။ အချိန်ပြည့်ရန် ဆယ်မီးနစ်ခန့်အလိုတွင် `` ငါ့ရှင်..ဘယ်လိုလဲ၊ အစွမ်းမပြပါလား ´´ ဟုဆရာတော်ကြီးမှ သတိစကားဆိုသောအခါ `` တစ်နာရီ မပြည့်သေးပါဘုရား´´ ဟုပြန်လည်လျှောက်ကြား လေသည်။ တစ်နာရီပြည့်သည်နှင့်တပြိုင်နက် ``ရသေ့ကြီး ဦးခန္တီနှင့်တွေ့ချင်ပါတယ်ဘုရား၊ ဒီအထုပ်ကို ရသေ့ကြီးအား လှူဒါန်းလို ပါသည်ဘုရား´´ ဟုဝတ်ဖြူစင်ကြယ်နှင့် တကာတစ်ဦး ကျောင်းပေါ်သို့ တက်လာကာ ရသေ့ကြီးအား လှူဒါန်းသွားခဲ့လေသည်။ အထုပ်အား ဖြေကြည့်သောအခါ ယခုခေတ်ငွေကြေးနှင့် ကျပ်သိန်းပေါင်းလေးရာခန့် တန်ဖိုးရှိသော ငွေဒင်္ဂါးပြားများ ဖြစ်နေသည်ဟု ဆိုသည်။
တစ်ဖန် `` အရှင်ဘုရားလည်း နာမည်ကြီးလွန်းလှပါသည်ဘုရား၊ အနည်းငယ်မျှသော အစွမ်းကို ပြတော်မူပါဘုရား´´ ဟုရသေ့ကြီးမှ ပြန်လည်လျှောက်ထားတောင်းပန်လေသည်။ `` ဒါဆို ခေတ္တစောင့်ပါ´´ ဟုဆရာတော်မှ ပြန်လည်မိန့်ကြားပြီး အဓိဌာန်ပုတီးစိပ်လေတော့သည်။ မီးနစ်အနည်းငယ်ခန့်ကြာသော် တကာတစ်ဦး ကျောင်းပေါ်သို့ တက်လာပြီး ၀ါးချက်မင်းကျောင်း ဆရာတော်နှင့် တွေ့လိုပါကြောင်း လျှောက်ထားကာ သင်္ကန်းဒွိစုံ ၁၀၈-စုံ လှူဒါန်းသွားသည်ဟုဆိုသည်။
ယခုကဲ့သို့ ဆရာတော်နှင့် ရသေ့ကြီးတို့ အစွမ်းများ ပြသပြီးသောအခါ `` ရသေ့ကြီး၊ မည်သည့်ဂုဏ်တော်များ ပွားများ ကာ အဓိဌာန်ပုတီးစိပ်ပါသလဲ´´ ဟုဆရာတော်က မေးလေသည်။ `` အရဟံဇယံဂုဏ်တော်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး အဓိဌာန် ပုတီးစိပ်ပါတယ်ဘုရား´´ ဟုပြန်လည်လျှောက်ကြားလေသည်။ ထိုအခါ ဆရာတော်သည် မိမိလည်း အရဟံဇယံ ဂုဏ်တော်ဂါထာ ကိုပင် ရွတ်ဖတ်ပူဇော်လေ့ရှိကြောင်း ပြန်လည်မိန့်ကြားကာ သာသနာကို ဆက်လက်ပြီး စွမ်းစွမ်းတမံ ပြုစေလိုကြောင်း သြ၀ါဒစကား မိန့်ကြားခဲ့လေတော့သည်။
အထက်ပါသူတော်ကောင်းကြီးများသည် ဗုဒ္ဓဂုဏ်တော်များဖြင့် သီကုံးထားသည့် ဤဂါထာကို နေ့စဉ်အမြဲ ရွတ်ဖတ်ပူဇော် ပြီး လိုအပ်သောဆုများနှင့် ပြည့်စုံခဲ့ကြ၏ ။ သို့ဖြစ်၍ လိုအပ်သော ဆုထူးဆုမြတ်တို့နှင့် ပြည့်စုံလိုကြသည့် ခုနှစ်ရက်သားသ္မီးများ သည် ယုံကြည်စွာဖြင့် နေ့စဉ်အမြဲ ရွတ်ဖတ်ပူဇော်ကြပါကုန်။ ။

Subscribe to:
Posts (Atom)