မြန်မာစံတော်ချိန်
Sunday, March 11, 2012
စည်းလုံးခြင်းသည် အင်အား
အရာရာတိုင်းတွင် အနိမ့်အမြင့်၊ အကျဉ်းအကျယ်၊ အသေးအကြီး၊ အောင်မြင်ခြင်း ရှုံးနှိမ့်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိသည်။ ထိုတန်ဖိုးများအတွက် ရင်းနှီးမြုပ်နှံမှုစံနှုန်း အသေးအကြီး အင်အားအလျောက် ရလာဒ်အကျိုးများလည်း ကွဲပြားလာခဲ့ရသည်။ လူသားတစ်ဦး၊ လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံ၏ နယ်ပယ် အသီးသီးတွင် အောင်မြင်မှု ကျရှုံးမှုတို့သည် ယင်းတို့၏ စည်းလုံးခြင်းအင်အားပေါ်တွင် အခြေခံသည်။
စည်းလုံးခြင်းအင်အားဆိုရာ၌ “စည်း” ဟူသော ဝေါဟာရ၏ အဓိပ္ပာဖွင့်ဆိုချက်ကို မြန်မာအဘိဓာန် ၌ အောက်ပါအတိုင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ (၁) ပိုင်းခြားသတ်မှတ်ထားသော ခြံဝင်းအကာအရံ၊ အရေးအကြောင်း၊ နယ်နိမိတ်။ (၂) ကျင့်ဝတ်စည်းကမ်း။ (၃) သီဆိုတီးမှုတ်ရာတွင် အဖြတ်အရပ် ကန့် သတ်ပေးသောတူရိယာ။ (၄) တီးမှုတ်သီဆိုရာတွင် စည်းတူရိယာသံဖြင့် ကန့်သတ်ပေးသော အဖြတ်အရပ် နှင့် စု၍ချည်နှောင်ခြင်း ဟူ၍ ဖြစ်ပေသည်။ “စည်းလုံး” ဟူသော ဝေါဟာရကိုမှု ညီညွတ်သည်၊ ပူပေါင်းသည် ဟု ဖွင့်ဆိုထားသည်။ ခြုံ၍ဆိုရသော် ကန့်သတ်ပေးခြင်း၊ သေးငယ်သည့် အရာများကို ပေါင်းစည်းပေးခြင်း ဟုနားလည်နိုင်သည်။
(၁) လှုပ်ရှားနိုင်၊ ထမ်းပိုးပင့်မနိုင်သည့် ကာယစွမ်းအား။ ခွန်အား။ (၂) ခိုင်ခံ့များပြားသော အစု အဝေး၊ အထုအထည်၊ အရေတွက်ပမာဏဟု “အင်အား” ကို အဓိပ္ပာယ်နှစ်မျိုးဖွင့်ဆိုထားသည်။ တစ်စုံ တစ်ခုကို ဆောင်ရွက်နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်း၊ ထောက်ပံ့ပေးနိုင်စွမ်းကို ဆိုလိုကြောင်း သိသာထင်ရှား ပေသည်။ ရောက်လိုရာပန်းတိုင်၏ ရကြောင်းရောက်ကြောင်း တစ်ခုဖြစ်သည်။
ဤသို့ဆိုလျင် အင်အားဖြစ်ခြင်း၏ အကြောင်းသည် စည်းလုံးခြင်းဖြစ်ပြီး ထိုစည်းလုံးခြင်းဖြင့်သာ လျှင် လျှောက်လှမ်းရာနယ်ပယ်အသီးသီးတွင် အနိုင်ရမှု၊ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်သည်။ ဤသို့သောအဓိပ္ပာယ်ဖြင့် “စည်းလုံးခြင်းသည် အင်အား” ဟု လူအများပြောဆိုသုံးနှုန်းနေကြခြင်းပင် ဖြစ်သည်။
“စည်းလုံးခြင်းသည် အင်အား” ဟူသော ဆိုရိုးစကားကို လူသားမျိုးနွယ်စု အဆက်ဆက်ပြောဆိုခဲ့ ကြပေလိမ့်မည်။ သို့သော် မည့်သည့် အချိန်မျှ ဟောင်းနွမ်းရိုးအီသွားမည့် စကားလုံးမဟုတ်ချေ။ ယနေ့ အချိန်ထိ စည်းလုံးညီညွတ်မှ အားရှိသည်၊ စွမ်းဆောင်နိုင်သည်၊ ပြီးမြောက်သည်ဟု တွင်တွင်ကြီး ပြောဆို နေကြဆဲဖြစ်သည်။ စည်းလုံးခြင်းဖြင့် အင်အားဖြစ်ဖို့ သို့မဟုတ် အင်အားရှိသော စည်းလုံးခြင်းဖြစ်ဖို့ စည်း လုံးညီညွတ်မှုပုံစံနှင့် စည်လုံးညီညွတ်မှု တည်ဆောက်နည်းစနစ်ဟု အပိုင်းနှစ်ပိုင်း ခွဲခြားထားသင့်သည်။
စည်းလုံးညီညွတ်မှုပုံစံကို တည်ဆောက်ရာတွင် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေး နယ်ပယ်၊ကိုးကွယ်ယုံကြည်မှုနယ်ပယ်ဟု နယ်ပယ်ပေါင်းများစွာရှိသည့်အတွက် ယေဘုယျ အခြေခံစည်းလုံး ညီညွတ်မှုပုံစံကို တည်ဆောက်ရန်လိုပေသည်။ ၄င်းကို ကိုးကွယ်ယုံကြည်မှုနယ်ပယ်တွင် သမိုင်းအစဉ် အလာကြီးမားဆုံးဖြစ်သော ဂေါတမဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းတည်ဆောက်ပုံနှင့် တည်ဆောက်နည်းတို့ကို မဏ္ဍိုင်ထားပြီး ဆွေးနွေးတင်ပြလိုပေသည်။ ရုပ်ပိုင်းဆိုင်ရာညီညွတ်မှု ကာယသာမဂ္ဂီနှင့် နာမ်ပိုင်းဆိုင်ရာ ညီညွတ်မှု စိတ္တသာမဂ္ဂီဟု ညီညွတ်မှုနှစ်မျိုးရှိသည်။ ထိုတွင် စိတ္တသာမဂ္ဂီသည် ပို၍အခြေခံကျ၏။
မြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်အနီး ၀ါးတောအရပ်၌ သီတင်းသုံးနေထိုင်ကြသော အရှင်အ နုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလမထေရ်မြတ်သုံးပါးတို့၏ ညီညွတ်စွာနေထိုင်ကျင့်ကြံပုံကို စံနမူနာအဖြစ် ချီးကျူးစကားမြွတ်ကြားခဲ့သည်။ ထိုမထေရ်မြတ်သုံးပါသည် ခန္ဓာကိုယ် သုံးကိုယ်ကွဲနေလင့်ကစား နို့နှင့်ရေ ရောသကဲ့သို့ စိတ်ကား တစ်စိတ်တည်းဖြစ်အောင်နေနိုင်ကြ၏။ တစ်ပါးနှင့်တစ်ပါး မေတ္တာနှင့်ယှဉ်သော ကာယ ကံ၊ ၀စီကံ၊ မနောကံတို့ကို မျက်မှောက်မျက်ကွယ် နှစ်သွယ်လုံး၌ ထားရှိကြ၏။ မိမိစိတ်အလိုကို ဖယ်ထား၍ ကျန်နှစ်ပါးစိတ်ကိုဦးစားပေးကြ၏။ ချိုမြိန်သာယာသောစကား၊ ၀မ်းမြောက်ဖွယ်စကား၊ ပြဿနာအမေးအဖြေ စကား၊ တရားစကားတို့ကိုသာ ပြောကြားကြ၏။ “ငါ့သူငယ်ချင်းနှစ်ယောက်တို့သည် သီလဂုဏ်၊ အကျင့် ဂုဏ်တို့နှင့် ပြည့်စုံကြ၏၊ ဤကဲ့သို့သော ကောင်းမွန်သော သီတင်းသုံးဖော်တို့နှင့် နေရသည်မှာ အရတော်စွ၊ ကံကောင်းစွ” ဟူ၍ဂုဏ်ကျေးဇူးတို့ကိုသာ အောင်းမေ့နေကြ၏။ ယခုခေတ် တစ်ယောက်နှင့်တစ်ယောက် ပုတ်ခတ်ပြောဆိုနေကြသူတို့ အထူးသဖြင့် အတုခိုးနည်းယူထိုက်ပါသည်။ မြတ်စွာဘုရားရှင်သည်မညီမညွတ် ဖြစ်နေသော ကောသမ္ဗီပြည်ရဟန်းတို့နှင့် ဆက်လက်မနေ လိုသော ကြောင့် ဗာလကလောဏကရွာမှ တဆင့်ထိုမထေရ်သုံးပါးထံသို့ ကြွရောက်လာခဲ့ခြင်းဖြစ်သည်။ မညီညွတ် မှုကို အရိယာသူတော်ကောင်းများ လွန်စွာစက်ဆုပ်ရွံရှာသည်ကို ဤအဖြစ်အပျက်က သက်သေခံနေပေ သည်။ စိတ္တသာမဂ္ဂီမှာ မည်မျှလောက် အရေးကြီးလှသည်ကို နားလည်သဘောပေါက်ကြရန် အထူးလို အပ်ပေသည်။
ဇာတကနိပါတ် သမ္မောဒမာနဇာတ်တော်လာ ငှက်မုဆိုး၏ ပိုက်ကွန်ကို အညီအညွတ် ချီမပျံ သန်းမှုကြောင့် အသက်ဘေးအန္တရာယ်မှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ရသည့် ငုံးငှက်တို့၏ စည်းလုံးညီညွတ် မှုမျိုးကိုလည်း အတုယူရပေမည်။ အလောင်းတော် ငုံးမင်းသည် စိတ်ဓာတ်ညီညွတ်ရေးကို ဦးစွာဆောင်ရွက် ခဲ့၏။ ငှက်မုဆိုး၏ပိုက်ကွန်ထဲသို့ ကျရောက်သောအခါ ငုံးငှက်အားလုံး ပိုက်ကွန်ကို ညီညွတ်စွာ ကိုက်ချီပျံ သန်းနိုင်ခဲ့ပြီး ဘေးလွတ်ရာချုံပုတ်တစ်ခုပေါ်သို့ပစ်ချကာ အသက်ဘေးမှကင်းလွတ်ခဲ့ကြ၏။ ခန္ဓာကိုယ် သေးငယ်သော်လည်း ညီညွတ်မှုကြောင့် ပိုက်ကွန်ကိုကိုက်ချီပျံသန်းနိုင်ကြသည်။ တစ်နေ့ ငုံးငှက်တစ် ကောင်သည် အခြားငုံးငှက်တစ်ကောင်ပေါ်သို့ တက်၍နင်းမိရာမှ စိတ်ဝမ်းကွဲကာ မုဆိုး၏ပိုက်ကွန်ကို မကိုက်ချီနိုင်ကြတော့ဘဲ အလောင်းတော်ငုံးမင်းနှင့်သူ၏ပရိသတ်မှ အခြားသောငုံးငှက်တို့ မုဆိုးလက် တွင်းသို့ သက်ဆင်းကြရတော့သည်။ ဤဇာတ်တော်သည် စိတ္တသာမဂ္ဂီကို အခြေခံသော ကာယသာမဂ္ဂီ ဖြစ်ရန် အရေးကြီးလှကြောင်း ညွှန်ပြနေပေသည်။
စည်းလုံးညီညွတ်မှု တည်ဆောက်နည်းစနစ်ပိုင်းတွင် အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ် နိုင်ငံ၏ ထောင့်စုံနယ်ပယ်စုံတို့၌ အခြေခံကျလှသည့် ဆုံချက် သို့မဟုတ် ဆုံရပ်တစ်ခုကို တစ်ချိန်တည်းမှာ ပြင်ဆင်ကြဖို့ အထူးလိုအပ်သည်။ ထိုသို့ပြင်ဆင်နိုင်ရန် လူသားတစ်ရပ်လုံး၏ သိမြင်နားလည်မှုပုံစံမှားကို ပြောင်းလဲရပါမည်။ မည်သို့လောက် စိတ်စေတနာကောင်းကောင်း၊ ဉာဏ်ပညာတို့ရှိရှိ လူသားတစ်ဦးစီ၏ အခြေခံသိမြင်နားလည်မှုပုံစံသစ် တစ်ရပ်မတည်ဆောက်နိုင်လျှင် မည်သည့်ညီညွတ်မှုကိုမှ တည်ဆောက် နိုင်မည်မဟုတ်ချေ။ နယ်ပယ်အသီးသီးတွင် “ခေါင်းဆောင်”ဟူသောဝေါဟာရကို နံပါတ်တစ်ခေါင်းဆောင် ကိုချည်းနားလည်သိမြင်နေကြသည်။ လုပ်ဆောင်နိုင်စွမ်း၊လုပ်ပိုင်ခွင့်ကိုလည်း အပြည့်လုပ်နိုင်စွမ်း၊လုပ်ပိုင် ခွင့်ကိုချည်း နားလည်ကြသည်။ တာဝန်ခွဲဝေမှု၊လုပ်ပိုင်ခွင့်ခွဲဝေမှု၊ အများစုပေါင်းဆုံးဖြတ်မှုစသည့် အမှုပေါင်း သောင်းခြောက်ထောင်ကို ယနေ့လူသားတို့ လေးစားလိုက်နာသိမြင်မှု အားနည်းနေကြသည်။ “နဂါးကြီး၏ အမြီးဖြစ်ရတာထက် ကြက်ကလေး၏ ခေါင်းဖြစ်ရတာက ပိုကောင်းတယ်” ဆိုသည့် တရုတ်တို့၏ ကွန်ဖြူရှပ်အတွေးအခေါ်အယူအဆကို လူသားတို့လက်ကိုင်ထားနေကြသည်။ ဤအချက်သည် စည်းလုံး ညီညွတ်သောလူသားပန်းတိုင်ဖွံ့ဖြိုးမှုနယ်ပယ်သစ်နှင့် သန့်ရှင်းသောလူမှုအသိုင်းအ၀ိုင်းအဖွဲ့အစည်းတစ်ခု ယနေ့အချိန်ထိ ပီပြင်စွာမတည်ဆောက်နိုင်ခြင်း၊ တက်လှမ်းမှုလမ်းကြောင်းကြီးထွားမလာနိုင်ခြင်း၏အခြေခံ အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။
စည်းလုံးညီညွတ်မှုတည်ဆောက်ရာတွင် ထောင်စုနှစ် နှစ်ခုကျော်သုံးခုဘက်သို့ ဦးတည်ဖြတ်သန်း နေသည့် ဂေါတမဗုဒ္ဓ၏သန့်ရှင်းသောအဖွဲ့အစည်းတစ်ရပ်ကို စံနမူနာယူကြရပေမည်။ ဗုဒ္ဓသည် သူ၏ငြိမ်း ချမ်းသော သန့်ရှင်းသောသံဃာ့အဖွဲ့အစည်းတစ်ရပ်တည်ထောင်ရာတွင် ဘုံဆိုင်လေးစားရမည့် တရား (အဘိဓမ္မာ)၊ တစ်ဦးတစ်ယောက်ချင်း လေးစားရမည့်တရား(၀ိနည်း)၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် လေးစားရမည့်တရား(သုတ္တန်)ဟူ၍ နည်းစနစ်ကျစွာ မဟာဗျူဟာမြောက် ပြဌာန်းတည်ဆောက်ခဲ့သည်။ ဗုဒ္ဓသည် သူနှင့်ခေတ်ပြိုင် မတူညီသည့်အမြင်သစ်တွေကို အသိအမှတ်ပြုလက်ခံခဲ့သည်။ သို့သော် သဘာဝ ကျသည့် တူညီသည့်အမြင်ရှိသူတို့ ပိုပြီးကြီးထွားအင်အားများလာစေရန် နေ့ညမနား ဟောပြောစည်းရုံးခဲ့ သည်။ မိမိကိုယ်ကို ကောင်းအောင်တည်ဆောက်ဖို့ထက် သူတစ်ပါးကိုမကောင်းပြောဖို့ အားစိုက်နေခြင်း သည် အင်အားရှိသော စည်လုံးညီညွတ်မှုဖြစ်ဖို့ ပိုမိုခက်ခဲသည်ကို ဗုဒ္ဓကောင်းစွာသိမြင်သည်။ တစ်ဖွဲ့ကို တစ်ဖွဲ့၊ တစ်ဦးကိုတစ်ဦးတိုက်ခိုက်နှိပ်ကွပ်မှုများကိုကန့်သတ်တားဆီးရန် ပေသုည(မြှောက်ထိုးပင့်ကော်ခြင်း) စည်းမျဉ်း၊ ဥဇ္ဈာပနက(ကဲ့ရဲ့ရှုံ့ချခြင်း)စည်းမျဉ်း၊ ဘိံသာပနက(ခြောက်လှန့်ခြင်း)စည်းမျဉ်း၊ ပဟာရ (ထိုးကြိပ်ခြင်း)စည်းမျဉ်းများကို ပညတ်ရေးစွဲတော်မူခဲ့သည်။ “ဘိက္ခူ အာမန္တေတွာ အာမန္တေသိ” စသည်ဖြင့် သံဃာ့အဖွဲ့အစည်းအား အသိပေးအဆိုပြုတင်သွင်းကာ အတည်ပြု ပြဌာန်းခဲ့သည်။
ဗုဒ္ဓအဖွဲ့အစည်းသည် ယခုချိန်ထိမယိမ်းမယိုင်ဆက်လက်တည်တံ့နေခြင်းသည် တစ်ဦးတစ်ယောက် ကောင်းနှင့်ဖွဲ့စည်းထားခြင်းမဟုတ်သောကြောင့်ပင်ဖြစ်သည်။ မျိုးနွယ်၊ဒေသအသီးသီးမှဝင်ရောက်လာကြ သည့်အဖွဲ့ဝင်သံဃာတို့သည် “နံပါတ်တစ်ခေါင်းဆောင်ဖြစ်ရမည်” ဆိုသည့် ငြီစို့စို့အိပ်မက်စိတ်ရိုင်းများကို စွန့်လွှတ်ပြီး ရောက်သည့်နေရာ လက်တကမ်းအမှီမှာရှိသည့် ကျင့်ကြံဖွယ်၊ စံပြုဖွယ်အလုပ်တာဝန်များကို ဦးဆောင်လုပ်ကိုင်နေကြသောခေါင်းဆောင်မဲ့အဖွဲ့အစည်း၊သို့မဟုတ်ခေါင်းဆောင်တို့ချည်း ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်သည်။ ဤနေရာတွင် စင်ပေါ်မှာကပြရင်း ရလာမည့်ကျော်ကြားမှုများ၊လက်ခုပ်သံများကို လူမသိသူမသိစင်နောက်မှာနေပြီး ကိုယ့်ဇာတ်ညွှန်းအောင်မြင်သွားသည်ကို ပျော်ရွှင်သည့်ပီတိအရသာ ထက်ပိုပြီးနှစ်သက်တတ်သူများ၊ မင်းသားကြီးမလုပ်ရ၍ ပတ်မထိုးဖောက်သူများ၊စင်ပေါ်မရမနေ ကုတ်ကပ် တက်သူများ၊ တစ်စင်ထောင်သူများ လွန်စွာအတုယူထိုက်ပေသည်။ လှုပ်ရှားမှုစင် လဲပြိုမကျသွားဖို့ စင်ပေါ်က အရည်အချင်းနှင့်စင်နောက်ကအရည်အချင်း ဟန်ချက်ညီလက်တွဲပြီး အင်အားရှိသောစည်းလုံး ခြင်းမျိုးကို တည်ဆောက်နိုင်ကြောင်း ဗုဒ္ဓ၏အဖွဲ့အစည်းက မီးမောင်းထိုးပြနေပေသည်။
၁၉၅၅-ခုနှစ်တွင် ကမ္ဘာ့ထိပ်သီးကွန်မြူနစ်ခေါင်းဆောင်ကြီး ဆိုဗီယက်ဝန်ကြီးချုပ်ခရုရှက် မြန်မာ နိုင်ငံသို့ရောက်လာခဲ့သည်။ နိုင်ငံတွင်းလှည့်လှည်စဉ် ရွှေတိဂုံစေတီအရောက် စေတီအားလက်အုပ်ချီ ကန်တော့ရာ မြန်မာနိုင်ငံရေးခေါင်းဆောင်တစ်ဦးက “ခင်ဗျားက ကွန်မြူနစ်လုပ်နေပြီး ဘုရားရှိခိုးရသလား ဗျ” ဟုပြောဆိုသည်ကို မစ္စတာခရှရှက်သည် “ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ၊ ဘာပြုလို့လဲဆိုတော့ မိမိဝါဒကို နှစ်ပေါင်း (၂၅၀၀)ကျော် တည်တံ့အောင် ပျိုးထောင်ခဲ့တဲ့ဗုဒ္ဓရဲ့စွမ်းပကားဟာ ကျွန်တော်တို့ လူ့ သမိုင်းအရ ဘယ်လူသားကမှလိုက်မမှီနိုင်သေးဘူး၊ ခုကျွန်တော်တို့စည်းရုံးနိုင်တယ်ဆိုတာ လူဘယ်နှစ် သန်းကိုနောက်လိုက်ဖြစ်အောင်လုပ်နိုင်ကြသလဲ၊ ဘယ်လောက်ကြာကြာ တည်တံ့အောင်လုပ်နိုင်ကြသလဲ၊ ဗုဒ္ဓလောက်ကြီးမြတ်တဲ့ စည်းရုံးရေးမှုးမျိုး ရှိနိုင်ပါ့မလား၊ ဒါကြောင့် ဗုဒ္ဓရဲ့စည်းရုံးရေးစွမ်းအင်ကို အလေး ပြုတဲ့အနေနဲ့ ကျွန်တော်က ခင်ဗျားတို့ဓလေ့အတိုင်းရှိခိုးတာဗျ၊ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် မဟုတ် လားဗျာ” ဟုပြန်ပြောခဲ့လေသည်။ ဗုဒ္ဓ၏စည်းရုံးရေးစွမ်းအင်ပြည့်ဝကြောင်း၊ စည်းလုံးညီညွတ်သော အဖွဲ့အစည်းဖြစ်ကြောင်း၊ စံနမူနာ၊အတုယူဖွယ်တို့နှင့်ပြည့်နှက်နေကြောင်း ကွန်မြူနစ်ဖခင်ကြီးခရုရှက် ကောင်းကောင်းကြီးသဘောပေါက်လေသည်။ အင်အားရှိသော စည်းလုံးညီညွတ်မှုဖြစ်ဖို့ ဗုဒ္ဓ၏ဗြဟ္မစိုရ် တရားများကို လက်ကိုင်ထားပြီး နယ်ပယ်အသီးသီးတွင်လုပ်ကိုင်ဆောင်ရွက်ကြရန် မစ္စတာခရုရှက်စကားက သက်သေခံနေပေသည်။
ပညာဉာဏ် အင်မတန်စူးရှလို့ ဧတဒဂ်ဂုဏ်ထူးစွပ်ခူးထားသည့် အရှင်သာရိပုတ္တရာကို ခုနစ်နှစ်အ ရွယ်ရှင်သာမဏေငယ်တစ်ပါးက မဆိုစလောက်သော မညီမညာသင်္ကန်းဝတ်ရုံမှုနှင့်ပတ်သက်၍ ထောက် ပြခဲ့သည်။ မထေရ်သည် “မင်းလိုကိုရင်ငယ်တစ်ပါးက ငါ့ကိုလာပြောဝံ့သလား”ဟုစိတ်မဖြစ်ဘဲ ရိုသေ စွာခံယူခဲ့သည်။ ဤအချက်ကို ယနေ့လူသားတို့ စံပြုရပေမည်။ နယ်ပယ်အသစ်များ၊ လုပ်ငန်းအမျိုး အစားသစ်များ၊ဦးဆောင်မှုအသစ်များကို ဗုဒ္ဓအဖွဲ့အစည်း၏ထိပ်သီးပုဂ္ဂိုလ်များက အသိအမှတ်ပြုကြသည်ကို စံနမူနာယူကြ ရပေမည်။ “သမဂ္ဂါနံ တပေါ သုခေါ”ဟူသောစံကို ဗုဒ္ဓအလေးထားသည်။ အရှင်ဒေ၀ဒတ်၏ သံဃာ့အဖွဲ့အစည်းပေါ် အက်ကြောင်းပေါ်စေသည့်လုပ်ရပ်ကို အမှုကြီးစာရင်းဝင်ထိပ်တန်းအပြစ်ကြီးတစ်ခု အဖြစ် သတ်မှတ်ရှုံ့ချခဲ့သည်။ ရောဟိနီမြစ်ရေကိုအကြောင်းပြု၍မညီမညွတ်ဖြစ်နေသော ကပ္ပိလနှင့် ဒေ၀ဒဟ နှစ်နိုင်ငံအရေးအခင်းကို ဗုဒ္ဓကိုယ်တော်တိုင် ၀င်ရောက်ရင်ကြားစေ့ပေးတော်မူခဲ့သည်။
အခြားသောအမြင်မတူအဖွဲ့အစည်းခေါင်းဆောင်၏ နောက်လိုက်တပည့်တစ်ယောက်ဖြစ်သည့် အပြင် ထင်ရှားအရေးပါလှသော ‘သီဟ’ အမည်ရှိစစ်သူကြီးသည် ဗုဒ္ဓဟောကြားချက်ကိုနာကြားပြီးနောက် တပည့်အဖြစ်လက်ခံရန် ဗုဒ္ဓအားလျှောက်ကြားခဲ့၏။ “သင်တို့လို ထင်ရှားသည့်သူတွေက စဉ်းစဉ်းစားစား လုပ်ရင်ပိုကောင်းမယ်၊ သင့်အိမ်ကတိတ္ထိတက္ကတွန်းတို့ရဲ့ဝင်ထွက်ရာနေရာဖြစ်တယ်၊ ရေတွင်းသဖွယ်ဖြစ် တယ်”ဟုဗုဒ္ဓပြန်လည်မိန့်ကြားခဲ့၏။ ညီညွတ်ချင်ရင်ငါ့အောက်ကိုဝင်၊ ငါ့နောက်ကိုလိုက်ဟုဆိုတတ်သည့် ခေါင်းဆောင်များ လွန်စွာအတုယူထိုက်ပေသည်။ ယဉ်ကျေးသောလူ့အဖွဲ့အစည်း တစ်ရပ်၏အနာဂတ် အတွက် စည်းလုံးညီညွတ်စွာပူးပေါင်းလုပ်ဆောင်သင့်သော်လည်း အရမ်းကာရောဆွဲသွင်းလျှင်ကား အကွဲအပြဲများနှင့်အဆုံးသတ်ကာ ရေရှည်စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင် မည်မဟုတ်ချေ။
နိဂုံးချူပ်အနေဖြင့် ညီညွတ်ရေးကိုတည်ဆောက်ရာတွင် အမြင်ဟောင်းများ၊ အစွဲဟောင်းများကို စွန့်ပယ်သင့်ကစွန့်ပယ်ပြီး အခြေခံအမြင်သစ်များ အသိအမှတ်ပြုကြိုဆိုခြင်းများကို ပြုလုပ်ကြရပေမည်။ စင်အောက်နှင့်စင်ပေါ်၊ ရှေ့တန်းနှင့်နောက်တန်း ကွာဟမှုများမရှိအောင် ဂရုပြုကြရပေမည်။ ကွာဟမှုမဲ့ လူမှုအဖွဲ့အစည်းသစ်တစ်ရပ်ဖြစ်ပေါ်လာမှုသည် အင်အားရှိသောစည်းလုံးညီညွတ်ရေး လှုပ်ရှားမှုကြီး၏ အသက်သွေးကြောတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် လစ်လပ်မှု၊ကွာဟမှုမဲ့လူမှုအဖွဲ့ အစည်း သစ်တစ်ရပ်ဖြစ်ရန် အင်အားရှိသောစည်းလုံးညီညွတ်မှုမှသည် စည်လုံးခြင်းသည်အင်အားအဖြစ်သို့ ပြောင်းလဲကြပါစို့ဟု တိုက်တွန်းလိုက်ရပါတော့သည်။
တက္ကသိုလ်ဖိုးနန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment